အောက်တိုဘာ ၃၁ – ၂၀၂၄
SN (VOM)
တနိုင်ငံလုံးက စက်မှုဇုန်တွေ အားလုံး ဒီကနေ့ အောက်တိုဘာ ၃၁ ရက်ကစပြီး တရက် ၄ နာရီသာ အလှည့်ကျ လျှပ်စစ်မီး ရရှိတော့မှာဖြစ်တယ်လို့ စက်မှုဇုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
အခုလို ၄ နာရီအလှည့်ကျ လျှပ်စစ်မီးပေးမယ့်အကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ဇုန်လုပ်ငန်းရှင်တွေဆီကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စာပို့ အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တိုဆီ တနေ့က အကြောင်းကြားတာပေါ့။ တရက်ပဲခြားတယ်။ စက်မှုဇုန်တွေသည် မီးလာရင်တော့ ကောင်းတာပေါ့။ မီးမလာဘူး ဆိုရင်တော့ ဆီပေးပေါ့။ ဆီလည်းမပေးဘူး၊ မီးလည်းမလာဘူး ဆိုရင်တော့ ပိတ်ရတော့မှာပေါ့” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
စက်မှုဇုန်တွေကို လက်ရှိ မီးပေးမယ့်စနစ်ကတော့ တရက်ကို မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ (ဒါမှမဟုတ်) နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ အလှည့်ကျဖြစ်ပြီး ဒီကနေ့ မနက်ပိုင်း လျှပ်စစ်မီး ၄ နာရီ ရရှိပြီးပါက တနေကုန် မီးဖြတ်တောက်မှာဖြစ်ကာ နောက်တနေ့ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ လျှပ်စစ်မီး ၄ နာရီ ပြန်လည် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စက်ရုံတွေအနေနဲ့ လျှပ်စစ်မီး ပြတ်တောက်ချိန်မှာ ဒီဇယ်အင်ဂျင်သုံး မီးစက်တွေကိုသာ အဓိကထား အသုံးပြုပြီး လုပ်ငန်းလည်ပတ်ရတာကြောင့် ကုန်ကျစရိတ်ပိုများနေတယ်လို့ သိရပါတယ်။
“မီးစက်နဲ့ လည်ပတ်တာက ရေရှည်ကျတော့ မခံနိုင်ဘူး။ ဆီဝယ်ရတာကလည်း အရင်လို မလွယ်တော့ဘူးလေ။ စက်မှုဇုန်ဆိုတာ မီးမှမရရင် စက်မှုဇုန်လို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ။ အဓိက အရေးကြီးတာ ဒါပဲလေ။ မီးမလာတော့ ကျန်တဲ့အချိန်က မီးစက်မောင်းပေါ့။ စက်ရုံတိုင်းကတော့ မီးစက်ရှိပါတယ်။ ဒါပေမယ့် မီးစက်ဆိုတာက သိတဲ့အတိုင်းပဲ၊ backup လုပ်တာလေ။ အခုက ၂၄ နာရီနီးပါး လိုသလောက် မောင်းနေရတဲ့အခါကျတော့ ကြာတော့လည်း သူတို့လည်းမခံနိုင်ဘူး။ အကုန်ပျက်ကုန်တာပဲ။ မီးစက် ပြင်ဆင်စရိတ်ကလည်း သိန်း ၂၀၀ လောက်ရှိတယ်” လို့ နောက်ထပ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
တရိပ်ရိပ်တက်လာတဲ့ လောင်စာဆီဈေး၊ မီးစက်ထိန်းသိမ်း ပြုပြင်စရိတ်ကြောင့် အမြတ်အားလုံးဟာ ဆီးဖိုးနဲ့သာကုန်သွားပြီး ရေရှည်အတွက် တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
နစကဥက္ကဋ္ဌကတော့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတာကြောင့် လာမယ့် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကတော့ တနိုင်ငံလုံး ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်လောက်ရှိပေမယ့် လက်တွေ့မှာတော့ တရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်တဲ့အတွက် နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းသာ မီးပေးနိုင်တယ်လို့ အခု ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Photo:CJ
Related posts
-
မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ
ဒီဇင်ဘာ ၁၄ – ၂၀၂၄ SS (VOM) ချင်းပြည်နယ်ရှိ ဖလမ်းနဲ့ မင်းတပ်မြို့တွေမှာ... -
စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတရဲ့တာဝန်တွေကို တောင်ကိုရီးယားလွှတ်တော်က ဆိုင်းငံ့လိုက်ပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၁၄-၂၀၂၄ မျိုးဆက်(VOM) စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ တောင်ကိုရီးယား လွှတ်တော်မှာ... -
ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေ ၊ ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ပြန်
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ရုရှားကတော့...