ZY(VOM)
နိုဝင်ဘာ ၁၁၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ လာမယ့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ ကျင်းပပြုလုပ်မယ့် တန်ဆောင်တိုင်ပွဲတော်ရဲ့ ပွဲဧရိယာအတွင်း လိုင်စင်မဲ့ကား/ဆိုင်ကယ်တွေ တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက အသိပေးထားပါတယ်။
တန်ဆောင်တိုင်ပွဲကို တောင်ကြီးတက္ကသိုလ်အနီးရှိ အဝေရာကုန်းသာယာကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲဧရိယာအတွင်းကို လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို လုံးဝဝင်ခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။
“မိန်းလမ်းကနေတော့ ဝင်လို့မရဘူး။ သစ်တောဂိတ်ဖက်ကနေ ဝင်လို့ရမယ်၊ အနောက်မြို့ပါတ်လမ်းအတိုင်း မြို့ရှောင်လမ်းကနေ ရထားသံလမ်းလမ်းဆုံဂိတ်ဖက်ကနေ ဝင်လို့ရမယ်။ အဲဒီ ၂နေရာလုံးမှာ ဂိတ်တွေရှိမယ်။ ကား၊ ဆိုင်ကယ်တွေ လိုင်စင်မပါရင် ဝင်လို့မရဘူး။ ဆိုင်ကယ်အပ်တဲ့နေရာတွေအထိ လိုက်စစ်မယ်လို့ ပြောတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက VOMကို ပြောပါတယ်။
ဒါ့အပြင် ပွဲဝင်မုဒ်ဦးဝင်ပေါက်မှာ X-Rayစက်ထားရှိကာ လုံခြုံရေးစစ်ဆေးသွားမှာဖြစ်ကြောင်းနဲ့ နစကဥက္ကဌ တက်ရောက်မှာဖြစ်ကြောင်း သတင်းထွက်ပေါ်နေပေမယ့် VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အခုနှစ်မှာ ကျင်းပမယ့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လုံခြုံရေးအင်အား တိုးမြင့်ချကာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်တွေနဲ့ မြို့တွင်းက လမ်းဆုံလမ်းခွတွေမှာလည်း လုံခြုံရေးရယူထားတယ်လို့ သိရပါတယ်။
မူလက တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပေမယ့် လက်ရှိ မိုးလေဝသခန့်မှန်းချက်များအရ ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး လာမယ့် နိုဝင်ဘာလ ၁၁ရက်ကနေ ၁၇ရက်အထိ ပြောင်းလဲကျင်းပမှာဖြစ်ပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံ ညမီးကြီးယမ်းမီး ၂၆ လုံး၊ စိန်နားပန် မီးပုံးပျံ ၂၄ လုံး၊ နေ့လွှတ်ခြေနှစ်ချောင်း ၁၄၇ လုံး၊ ခြေလေးချောင်း ၃၈ လုံး၊ အရုပ်အုပ်စု ၂၃ လုံး၊ စုစုပေါင်း ၂၅၈လုံး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ရက်၊ နေ့ပိုင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၇ရက်၊ ညပိုင်းမှာ ကျင်းပသွားမှာဖြစ်သလို အဲဒီဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွေကို နည်းပညာအသစ်အဆန်းတွေ ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ- Phonelay Myat
Related posts
-
ရုရှားနဲ့ အီရန်တို့ နှစ် ၂၀ မိတ်ဖက်စာချုပ်လက်မှတ်ထိုးပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာနိုင်
မော်စကို၊ ဇန်ဝါရီ-၁၈-၂၀၂၅ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်နဲ့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှကီယန်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ထိပ်တိုက်တင်းမာမှုတွေ မြင့်တက်နေချိန်မှာ... -
မြိတ်မှာ နေအိမ်သုံးလုံးမီးလောင်ပြီး လူတယောက်ပါမီးလောင်သေဆုံး
ဇန်နဝါရီ ၁၈ – ၂၀၂၅ GG (VOM) တနင်္သာရီတိုင်း ၊မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက်... -
ရန်ကုန်မှာ စစ်ရှောင်နဲ့ နယ်ပြောင်းလာသူတွေကို ဧည့်စာရင်းစစ်ဆေးမှု တင်းကြပ်နေ
ဇန်နဝါရီ ၁၈ – ၂ဝ၂၅ KKO(VOM) ရန်ကုန်တိုင်းမှာ ဧည့်စာရင်းတွေကို စတင်တင်းကြပ်နေပြီး နယ်ကပြောင်းလာသူတွေနဲ့စစ်ဘေးရှောင်လာသူတွေကို...