နိုဝင်ဘာ ၂၅ – ၂၀၂၄
SN (VOM)
ဒီတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးဟာ ကျပ် သိန်း ၆၀ အောက်ကို တရက်ကျော်ကြာ ရောက်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆက်တိုက်ဆိုသလို ပြန်လည် မြင့်တက်လာပြီး သိန်း ၆၀ စွန်းစွန်းကို ရောက်ရှိနေပါတယ်။ ဒေါ်လာဈေးကတော့ အတက်အကျ မငြိမ် ဖြစ်နေပါတယ်။
ဒီတပတ် စက်သုံးဆီဈေးတွေကတော့ အနည်းငယ် ထပ်မံ ကျဆင်းလာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စည်အများစု ဈေးနှုန်း ထပ်မံ မြင့်တက်လာပါတယ်။
#ပြည်တွင်းရွှေဈေးနှုန်း
ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီတပတ် နိုဝင်ဘာ ၁၇ ရက်၊ နေ့လယ်ပိုင်းကစလို့ အခေါက်ရွှေ တကျပ်သား ကျပ် သိန်း ၆၀ အောက်အထိ ကျဆင်းခဲ့ပါတယ်။ ကျပ် ငါးဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်ဈေး ဖြစ်ပေါ်ခဲ့တာပါ။
နိုဝင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာတော့ ကျပ် ငါးဆယ့်ကိုးသိန်း ခုနစ်သောင်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ကျပ် ငါးဆယ့်ကိုးသိန်း ခြောက်သောင်းခွဲဝန်းကျင်ကို ရောက်ရှိခဲ့ကာ ညနေပိုင်းမှာတော့ ကျပ် ငါးဆယ့်ကိုးသိန်း ကိုးသောင်းခွဲနဲ့ ဈေးပိတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့၊ မနက်မှာတော့ ကျပ် သိန်းခြောက်ဆယ် ငါးသောင်းနဲ့ ဈေးဖွင့်ခဲ့ပြီး အဲဒီနေ့ကစလို့ ရွှေဈေး သိန်း ၆၀ အထက် ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
“ကမ္ဘာ့ရွှေနဲ့ ဒေါ်လာဈေးက ပြန်မာလာတော့ ရွှေဈေး အတက်ဘက်ကို ပြန်ရောက်လာတယ်။ အခုဆို ကမ္ဘာ့ရွှေဈေးက တောက်လျှောက် အတက်ဘက်ကိုသွားနေတာ မရပ်သေးဘူး။ တအောင်စ ဒေါ်လာ ၂၇၀၀ ကျော်ကိုတောင် ရောက်လာပြီ။ ဒေါ်လာဈေးကလည်း လှုပ်နေတယ်။ ဆိုတော့ ဒီတိုင်းဆိုရင်တော့ ရွှေဈေးက အတက်ဘက်ကိုပဲ ဆက်သွားမယ့် အလားအလာရှိနေတယ်။ ဝယ်တာ ရောင်းတာတွေ အထူးသတိထားရမယ့် ကာလပါ” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ တပတ်က တအောင်စ ၂၅၀၀ ကျော်ဝန်းကျင်အထိ လေးရက်ကျော်ကြာ ကျဆင်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာ ၁၈ ရက်၊ ညနေပိုင်းကစလို့ တအောင်စ ၂၆၀၀ ကျော်နဲ့ အတက်ဘက်ကို ပြန်လည် ရောက်ရှိခဲ့တာပါ။
အဲဒီနေ့ ညနေပိုင်းကစလို့ တောက်လျှောက် မြင့်တက်ခဲ့တာမှာ နိုဝင်ဘာ ၂၃ ရက် (စနေနေ့) မှာတော့ တအောင်စ ၂၇၁၅ ဒေါ်လာနဲ့ တပတ်တာ ဈေးကွက် ပိတ်ခဲ့ပါတယ်။
#နိုင်ငံခြားငွေလဲဈေးနှုန်း
ဒီတပတ် နိုင်ငံခြား ငွေလဲဈေးနှုန်းတွေကတော့ ၄၄၀၀ ၊ ၄၅၀၀ စွန်းစွန်းမှာပဲ အတက်အကျမငြိမ်နဲ့ တောက်လျှောက် ရှိနေခဲ့ပါတယ်။ နစကဘက်က နိုင်ငံခြားငွေတွေ အဆက်မပြတ် ထုတ်ရောင်းပေးနေပေမယ့် နိုင်ငံခြားငွေဈေးတွေ သိသိသာသာ ကျဆင်းလာခြင်း မရှိသေးပါဘူး။
ဗဟိုဘဏ်က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အမေရိကန် တဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ တသောင်းနှစ်ထောင်ကျော် ထုတ်ရောင်းပေးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ အမေရိကန် တဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ သန်း ၂၀ အပြင် ထိုင်းတဘတ် ၁၂၇ ကျပ်နှုန်းနဲ့ ဘတ်သန်း ၁၀၀ ထုတ်ရောင်းပေးခဲ့ပါတယ်။
ဒါအပြင် နိုဝင်ဘာ ၂၀ ရက်နေ့မှာလည်း အမေရိကန် တဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ ၂၄ သန်း ထပ်မံထုတ်ရောင်းပေးခဲ့ပါတယ်။ အဲဒီလိုပဲ နိုဝင်ဘာ ၂၁ ရက်နေ့မှာလည်း အမေရိကန် တဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ ၄၀၀၀ နီးပါး ထုတ်ရောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့မှာ အမေရိကန် တဒေါ်လာ ၃၅၈၃ ကျပ်နဲ့ ကန်ဒေါ်လာ နှစ်သောင်းခွဲကျော်၊ ထိုင်းတဘတ် ၁၂၇ ကျပ်ကျော်နှုန်းနဲ့ ဘတ် ၁၇ ဒသမ ၇၉ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
အဲဒီလို ထုတ်ရောင်းပေးနေပေမယ့် လက်ရှိ ငွေကြေးဈေးကွက် အတွင်းမှာတော့ ငွေလဲဈေးနှုန်းတွေ သိသိသာသာ ကျဆင်းလာခြင်း မရှိသေးသလို ဈေးနှုန်းအပြောင်းအလဲလည်း သိပ်မဖြစ်ခဲ့ပါဘူး။ ငွေလဲဈေးတွေဟာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ အမေရိကန် တဒေါ်လာ ၄၄၈၀ ဝန်းကျင်၊ ထိုင်းဘတ် ၁၃၀ ဝန်းကျင်၊ တရုတ်ယွမ် ၆၂၀ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၃ ဝန်းကျင်ကို ရောက်ရှိနေပါတယ်။
#စက်သုံးဆီဈေးနှုန်း
ဒီတပတ်မှာလည်း စက်သုံးဆီ အမျိုးအစားအားလုံး ဈေးတွေ ထပ်ကျလာပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဒီတပတ်အတွက် ရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၂၉၅၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၅၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၂၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၅၅ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၁၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၀၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၆၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၁၀ ကျပ်ဆိုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၅၅ ကျပ်၊ ၉၅ တလီတာ ၅၀ ကျပ်၊ ဒီဇယ် တလီတာ ၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၅၅ ကျပ်ဝန်းကျင် ကျဆင်းလာတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးတွေ ပြန်လည် ကျဆင်းလျက်ရှိပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ တပတ်တုန်းက စက်သုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမယ့်အကြောင်း အသိပေးခဲ့သလို ဒီတပတ် နိုဝင်ဘာ ၂၁ ရက်နေ့မှာလည်း သွင်းကုန်လုပ်ငန်းရှင်တွေကို ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။
#အခြေခံစားသောက်ကုန်ဈေးနှုန်း
အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကတော့ တရက်ထက်တရက် အတက်ဘက်ကိုသာ သွားနေတာပါ။ ဒီတပတ်မှာ ကုန်စိမ်းနဲ့ ကုန်ခြောက်ဈေးတွေ အတက်ကြမ်းလာတာကိုလည်း တွေ့ရပါတယ်။
စားအုန်းဆီ ဈေးကွက်ထဲမှာတော့ စားဆီ ရည်ညွှန်းဈေး ကျပ် ၇၀၀၀ အထက် ရောက်ရှိ မြင့်တက်လာပါတယ်။ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာ စားဆီ တပိဿာ ၇၀၁၅ ကျပ်ဖြစ်ပြီး အရင်တပတ်ကထက် ၃၈၀ ကျပ် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။
အဲဒီလိုပဲ ပြင်ပဈေးကွက်ရဲ့ စားဆီဈေးဟာလည်း ကျပ် တသောင်းခွဲဝန်းကျင်အထိ မြင့်တက်လာပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ထပ်တက်နေပြီး ၇၀၁၅ ကျပ်ဝန်းကျင် ရှိလာတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဆန်ဈေးတွေလည်း ထပ်မံ မြင့်တက်နေတာမှာ ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ဆင်းသွယ် (ထူးရှယ်) တအိတ် တသိန်းနှစ်သောင်းကျပ်၊ ရက် ၉၀ (ထူးရှယ်) တသိန်းရှစ်ထောင်ကျပ်၊ ဇီယာ (ရှယ်) ကိုးသောင်းကျပ်၊ ရွှေဘိုအိုးဝင်ထိပ်စ (ထူးထူးရှယ်) တသိန်းကိုးသောင်း ရှစ်ထောင်ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး (ထူးထူးရှယ်) တသိန်းရှစ်သောင်းကျပ်၊ မြောင်းမြပေါ်ဆန်းမွှေး တသိန်းခြောက်သောင်းကျပ် ဝန်းကျင်ဈေး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရပ်ကွက်ဈေးတွေမှာ ကြက်ဥ၊ ဘဲဥဈေးတွေလည်း ပိုမို မြင့်တက်လာပါတယ်။ ကြက်ဥ အသေးဆုံးက တလုံး ၄၃၀ ကျပ်ဈေးဖြစ်လာပါတယ်။ ကြက်ဥ တလုံး ၄၃၀ ကျပ်၊ ၄၅၀ ကျပ်၊ ၄၈၀ ကျပ်၊ ၅၀၀ ကျပ်၊ ၅၅၀ ကျပ်၊ ၆၀၀ ကျပ်ဈေးတွေအထိ အလုံးအရွယ်အစားအလိုက် ဈေးနှုန်းအမျိုးမျိုးနဲ့ မြင့်တက်လာပါတယ်။ ဘဲဥဈေးကတော့ အသေးဆုံး ဘဲဥတလုံးက ၅၅၀ ကျပ်ဈေးဖြစ်လာပြီး ဘဲဥ တလုံး ၅၇၀ ကျပ်၊ ၆၀၀ ကျပ်၊ ၆၅၀ ကျပ်၊ ၇၀၀ ကျပ်ဈေးတွေအထိ မြင့်တက်လာပါတယ်။
ဒါအပြင် အာလူးနဲ့ ကြက်သွန်ဈေးတွေလည်း ထပ်မံ မြင့်တက်နေပြီး အာလူး တပိဿာ ကျပ် တသောင်း လေးထောင်ဈေးမှာ ရှိနေပါတယ်။ ကြက်သွန်နီဈေးကတော့ အမျိုးအစားအလိုက် တပိဿာ ၅၅၀၀ ၊ ၆၀၀၀ ၊ ၆၅၀၀ ကျပ်ဈေး ရှိနေပါတယ်။ ကြက်သွန်ဖြူဈေးကလည်း အမျိုးအစားအလိုက် တပိဿာ နှစ်သောင်းနှစ်ထောင်ကျပ်ကနေ ကျပ် နှစ်သောင်းရှစ်ထောင်ကျပ်အထိ ရှိနေတယ်လို့ သိရပါတယ်။
ကုန်စိမ်းဈေးကွက်မှာလည်း တချို့ အသီးအရွက်ဈေးတွေ ထပ်မံ မြင့်တက်လာပါတယ်။ တရုတ်ကန်စွန်းရွက် တစည်း ၈၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၅၀၀ ကျပ်ဈေးတွေ ရှိပါတယ်။ ဂေါ်ဖီထုပ် တထုပ် ၃၅၀၀ – ၄၀၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။
ခရမ်းချဉ်သီးလည်း ဈေးထပ်တက်လာပြီး တပိဿာ တသောင်းကျပ် ရှိနေပါတယ်။ ငရုတ်သီးစိမ်းကတော့ တပိဿာ ကျပ် ၈၀၀၀ ဝန်းကျင်ဈေးမှာပဲ ရှိနေတယ်လို့ သိရပါတယ်။
အသားငါးဈေးကွက်မှာတော့ ငါးဈေးတွေ ထပ်မံမြင့်တက်လာပြီး ပုစွန်ဈေးတွေကတော့ ပုံမှန် အမြင့်ဈေးအတိုင်း ရှိနေပါတယ်။ ငါးမြစ်ချင်း တဆယ်သား ၁၅၀၀ – ၁၇၀၀ ကျပ်ဈေး ဖြစ်လာပြီး ငါးတန် တဆယ်သား ၁၈၀၀ ကျပ်၊ ငါးကြင်း တဆယ်သား ၂၀၀၀ – ၂၂၀၀ ကျပ်ဈေးတွေ ရှိနေပါတယ်။ ပုစွန်တွေကတော့ အမျိုးအစားအလိုက် တဆယ်သား ၃၅၀၀ ကျပ်ဈေးကနေ တဆယ်သား ၅၅၀၀ – ၆၀၀၀ ကျပ်ဈေးတွေအထိ ဈေးအမျိုးမျိုးရှိပါတယ်။
ကြက်သား၊ ဝက်သာဈေးတွေကတော့ အနည်းငယ် ပြန်ကျလာပါတယ်။ ကြက်သား တပိဿာ နှစ်သောင်းလေးထောင်ကျပ်ဈေး ရှိပါတယ်။ ဝက်သားဈေးကတော့ တပိဿာ သုံးသောင်းခြောက်ထောင်ကျပ်ဈေး ရှိပါတယ်။
အမဲသား၊ ဆိတ်သား ဈေးတွေလည်း အနည်းငယ်ကျနေပြီး အမဲသား တပိဿာ ကျပ် နှစ်သောင်းလေးထောင်၊ ဆိတ်သား တပိဿာ သုံးသောင်းနှစ်ထောင်ကျပ်ဈေးဖြစ်ကာ အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။
Photo:CJ
Related posts
-
ရန်ကင်းစင်တာ မျက်နှာချင်းဆိုင်က AK အလှကုန်ပစ္စည်းဆိုင်မှာ လူသတ်ပြီး လုယက်မှုဖြစ်
ဒီဇင်ဘာ ၂၆ – ၂၀၂၄CC (VOM)ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်... -
စမ်းချောင်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သူတွေကို ဖမ်းမိပြီလို့သိရ
ဒီဇင်ဘာ ၂၆ – ၂၀၂၄GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်သတ်သွားရာမှာပါဝင်တဲ့... -
တောင်ကိုရီးယား ယာယီသမ္မတကိုလည်း အတိုက်အခံတွေက စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးပမ်းပြီ
ဆိုးလ်၊ ဒီဇင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယား လွှတ်တော်က သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် နှစ်ပတ်မပြည့်ခင်မှာ နိုင်ငံဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ...