ဇန်နဝါရီ ၁၂ – ၂၀၂၅
SS (VOM)
ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ အဆမတန် ထပ်မံ မြင့်တက်လာတယ်လို့ ဒေသတွင်း လေယာဥ်လက်မှတ် အရောင်းဌာနတွေဆီက သိရပါတယ်။
စစ်တွေ၊ မြစ်ကြီးနား၊ ကော့သောင်း၊ ကလေး၊ ခန္တီး စတဲ့ ဒေသတွေမှာ ဒေသတွင်း တည်ငြိမ်မှုမရှိတဲ့ အခြေအနေတွေကြောင့် ကုန်းလမ်းခရီး သွားလာရ ခက်ခဲနေတဲ့အတွက် လေကြောင်းကသာ အဓိကထား သွားလာနေရတဲ့အတွက် အခု ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ လေယာဉ်လက်ခ ဈေးနှုန်းတွေဟာ ထပ်မံ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
“လေယာဉ်လက်မှတ် ဈေးနှုန်းတွေက ခုနောက်ပိုင်း တောက်လျှောက်ကို တက်နေတယ်ပြောရမယ်။ ဖြေးဖြေးတက်တာနဲ့ မြန်မြန်တက်တာပဲရှိတာ။ ဈေးနှုန်းအပြောင်းအလဲလည်း အရမ်းမြန်တယ်။ ရန်ကုန် – စစ်တွေ လေယာဉ်လက်မှတ်ခဆို အရင်နှစ်က ကျပ် တသိန်းခြောက်သောင်းပေါ့။ အဲဒီကနေမှ အဆင့်ဆင့် ဈေးတက်လာတာ။ လွန်ခဲ့တဲ့ လေးနှစ်ကဆိုရင်တော့ ရှစ်သောင်းလောက်ပဲရှိတယ်။ အခုက ဈေးတက်နေလည်း သွားနေကြတာပါပဲ။ ခရီးသည်ကတော့ ပုံမှန် ရှိနေပါတယ်” လို့ လက်မှတ်အရောင်းဝန်ထမ်းတယောက် ပြောပါတယ်။
ရန်ကုန် – စစ်တွေ လေယာဉ်လက်မှတ်ခဟာ ၂၀၂၃ ခုနှစ်က တသိန်းနှစ်သောင်းခြောက်ထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က နှစ်သိန်းနှစ်သောင်း ရှစ်ထောင်ကျပ် ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ လေးသိန်းကိုးသောင်း ခြောက်ထောင်ငါးရာကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန် – မြစ်ကြီးနား လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က နှစ်သိန်းခြောက်ထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က လေးသိန်းခုနစ်သောင်း ကိုးထောင်ကျပ် ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ ခြောက်သိန်းငါးသောင်း ကိုးထောင့်ငါးရာကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန် – ကော့သောင်း လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က တသိန်းရှစ်သောင်း ငါးထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က ကျပ် ခုနစ်သိန်းခွဲ ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ ခုနစ်သိန်းကိုးသောင်းကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန် – ကလေး လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က တသိန်းခုနစ်သောင်း တထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က သုံးသိန်းသုံးသောင်းကျပ် ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ ကျပ် သုံးသိန်းနှစ်သောင်း ငါးထောင်ဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။
မန္တလေး – ခန္တီး လေယာဉ်လက်မှတ်ခကတော့ ၂၀၂၃ ခုနှစ်က တသိန်းရှစ်သောင်း လေးထောင်ကျပ်၊ ၂၀၂၄ ခုနှစ်က ကျပ် သိန်းကိုးသောင်းခွဲဈေး ရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာတော့ လေးသိန်းခြောက်သောင်းကျပ်ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
“လက်မှတ်ဈေး အတက်အကျက နိုင်ငံရေးအပြောင်းအလဲ၊ သဘာဝဘေးအန္တရာယ်တွေနဲ့လည်း ဆိုင်တယ်။ နောက်တခု AI နဲ့ Machine Learning သုံးတဲ့စနစ်ပေါ့။ လေကြောင်းလိုင်းတွေက နည်းပညာသုံးပြီး လက်မှတ်ဝယ်လိုအားကို ခန့်မှန်းတယ်။ ပြီးရင် စျေးနှုန်းကို အလိုအလျောက် ချိန်ညှိပါတယ်။ ဝယ်လိုအားများလာရင် စျေးတက်သွားတတ်ပါတယ်။ နောက်ထပ်တခုက Customer တွေရဲ့ အွန်လိုင်းအသုံးပြုပုံနဲ့ဆိုင်တယ်။ လူတွေက လက်မှတ်တခုကို အကြိမ်ကြိမ် ရှာဖွေကြည့်ရှုနေရင်လည်း စျေးတက်သွားတတ်ပါတယ်။ ဒါကြောင့် Private Browser Mode သုံးပြီး ရှာတာက ပိုကောင်းပါတယ်” လို့ လေယာဉ်လက်မှတ် ရောင်းချသူတယောက်က ပြောပါတယ်။
လက်ရှိမှာ လေယာဥ်လက်မှတ် ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပေမယ့် ကုန်းလမ်းကနေ သွားလာရတဲ့ ခရီးတလျှောက်မှာ တိုက်ပွဲတွေဖြစ်ပွားကာ ရက်ရှည် ကားလမ်းတွေပိတ်နေပြီး လုံခြုံရေး စိုးရိမ်ရတာကြောင့် ခရီးသွားလာသူ အများစုကတော့ လေကြောင်းကနေပဲ သွားလာနေကြဆဲဖြစ်တယ်လို့ လက်မှတ်အရောင်း ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
Photo:CJ
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့... -
HMPV ဗိုင်းရပ်စ်ကူးစက်မှု အထူးစိတ်ပူစရာမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးပြော
ဇန်နဝါရီ ၁၀ – ၂၀၂၅GG (VOM)HMPV ရောဂါက ဆောင်းရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်တဲ့အပြင် ရောဂါကြောင့် သေဆုံးနူန်းကလည်း...