ZY(VOM)
ဇန်နဝါရီ ၂၅၊ ၂၀၂၅
ကယားပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့က တက္ကသိုလ်တွေအားလုံးကို လာမယ့် ၂၀၂၅-၂၀၂၆ စာသင်နှစ်၊ မတ်လအတွင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လက်ရှိအချိန်မှာ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်တွေ သိပ္ပံကျောင်းတွေကို မတ်လမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အတွက် ဆောင်ရွက်မှုတွေကို အမြန်ဆုံးလုပ်ဆောင်နေပြီး စာသင်ဆောင်တွေ၊ အိပ်ဆောင်တွေ၊ စားရိပ်သာတွေနဲ့ ဆရာဆရာမဝန်ထမ်းအိမ်ရာတွေကို လိုအပ်တာတွေကို အမြန်ဆုံးပြုပြင်နေတယ်လို့ သိရပါတယ်။
ကနဦးအနေနဲ့ ပညာရေး ဒီဂရီကောလိပ်ကို ဖွင့်လှစ်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ လွိုင်ကော်တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်နဲ့ ကျန်တဲ့ ကောလိပ်အပါအဝင် ကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ဖို့ နစကက စီစဉ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မတ်လအတွင်းမှာ မဖြစ်ဖြစ်အောင် ဖွင့်ရမှာဖြစ်လို့ အခုက ပြင်ဆင်မှုတွေ လုပ်နေတာ၊ ပြင်ဆင်မှုတွေကတော့ ပြီးခါနီးနေပြီ။ လုံခြုံရေး၊ ကျောင်းယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် စီစဉ်တာတွေပဲ ကျန်တော့မှာ။ တခြားတက္ကသိုလ်မှာ သွားတက်နေတဲ့ ကလေးတွေ၊ ကျောင်းနားထားတဲ့ ကလေးတွေကို လွိုင်ကော်မှာပဲ ပြန်တက်ဖို့အတွက်လည်း ကျောင်းသားမိဘတွေကို အကြောင်းကြားတာတွေ လုပ်နေပါပြီ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
လွိုင်ကော်မြို့က တက္ကသိုလ်တွေကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး ကာလကတည်းက ပိတ်ထားရတာဖြစ်ပြီး လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဝန်ထမ်းတွေ ပိတ်မိတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် ကရင်နီပြည်နယ်နေ့တုန်းက နစကလက်အောက်ခံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွှန့်ဖေက လွိုင်ကော်မြို့ပေါ်ရှိ တက္ကသိုလ်၊ ကောလိပ်ကို လာရောက်ကြည့်ရှုခဲ့ပြီး ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် အမြန်ဆုံး ပြင်ဆင်ကြဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Local