တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်

ဇန်နဝါရီ ၂၇ – ၂၀၂၅
SN (VOM)
ဒီတပတ်မှာတော့ ပြည်တွင်း ရွှေဈေး အနည်းငယ် ပြန်ကျလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် အမေရိကန်ဒေါ်လာဈေးကတော့ အတက်ဘက်မှာသာ ရှိနေဆဲဖြစ်ပါတယ်။
အလားတူ စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီဈေးတွေအားလုံး ပြန်တက်နေပါတယ်။ အဲဒီလိုပဲ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစု ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ တပတ်ကစပြီး ၆၅ သိန်းကျော်ဝန်းကျင်မှာ ရှိနေခဲ့တဲ့ ပြည်တွင်းက အခေါက်ရွှေဈေးဟာ ဒီတပတ် ဇန်နဝါရီ ၂၅ ရက်၊ ညနေပိုင်းကစလို့ အနည်းငယ် ပြန်ကျနေပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့တပတ် ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ ၆၇ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့တာ ဖြစ်ပါတယ်။d
တပတ်တာအတွင်း အမြင့်ဆုံးဈေးကတော့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ‌ကျပ် ခြောက်ဆယ့်ငါးသိန်း ရှစ်သောင်းဈေးဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက် (စနေနေ့) မှာတော့ ကျပ် ခြောက်ဆယ့်လေးသိန်း ခုနစ်သောင်းဝန်းကျင်နဲ့ ဈေးပိတ်ခဲ့တာ ဖြစ်ပါတယ်။
“ကမ္ဘာ့ရွှေ လက်ရှိဈေးက အမြင့်ဆုံး စံချိန်တင်ဈေးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပြည်တွင်းရွှေဈေးကတော့ အေးနေတယ်။ ဘာကြောင့်လဲဆို ဒေါ်လာဈေးကလည်း အတက်ဘက်မှာ ငြိမ်နေတာဆိုတော့ ရွှေဈေးက ဒီထက်ပိုပြီး လှုပ်လာနိုင်ခြေ မမြင်ဘူး။ တနင်္လာနေ့ ဈေးကွက်အဖွင့်မှာ ဒေါ်လာဈေးရော၊ ကမ္ဘာ့ရွှေရော ပြန်ကျမယ်ဆို ရွှေဈေးက ဆက်ကျနိုင်ခြေရှိတယ်” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက် (တနင်္လာနေ့) က တအောင်စ ၂၆၈၇ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် ဇန်နဝါရီ ၂၀ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၂၆၉၈ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး တပတ်တာအတွင်း တအောင်စ ၁၁ ဒေါ်လာ မြင့်တက်လာတာကို တွေ့ရပါတယ်။
ဒီတပတ် ဇန်နဝါရီ ၂၁ ရက်နေ့၊ မနက်ပိုင်းကစလို့ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ၂၇၂၁ ဒေါ်လာကို ရောက်ရှိလာခဲ့တာပါ။ ဇန်နဝါရီ ၂၅ ရက် (စနေနေ့) မှာတော့ စံချိန်တင် အမြင့်ဆုံးဈေး တအောင်စ ၂၇၇၁ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့တာကို တွေ့ရပါတယ်။
ဒီတပတ် နိုင်ငံခြား ငွေကြေးဈေးကွက်မှာတော့ ငွေလဲနှုန်းတွေဟာ အမြင့်ဈေးမှာပဲ ဆက်ငြိမ်နေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အွန်လိုင်းငွေကြေးဈေးကွက် (FX Trading Platform) ကနေ ဒီတပတ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထိုင်းဘတ် ၁ ဒသမ ၉ သန်းကျော်၊ ၂၁ ရက်နေ့မှာ တရုတ်ယွမ် ရှစ်သိန်းနဲ့ ၂၄ ရက်နေ့မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။
လက်ရှိမှာတော့ အမေရိကန်ဒေါ်လာဈေးဟာ ၄၆၀၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပြီး အနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့၊ မနက်ပိုင်းကတော့ တပတ်အတွင်း အမြင့်ဆုံးဈေး ၄၆၄၀ ကျပ်ဝန်းကျင်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
တခြား ငွေလဲဈေးနှုန်းတွေဖြစ်တဲ့ စင်္ကာပူဒေါ်လာဈေးကတော့ လက်ရှိမှာ ၃၃၈၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၁၃၆ ဝန်းကျင်နဲ့ အနည်းငယ်စီ မြင့်တက်နေပါတယ်။ တရုတ်ယွမ်နဲ့ အိန္ဒိယရူပီး ငွေလဲဈေးတွေကတော့ အနည်းငယ် ကျဆင်းနေပြီး တရုတ်ယွမ် ၆၃၁ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၃ ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။
ဒီတပတ် စက်သုံးဆီဈေးကွက်မှာတော့ ဆီဈေးတွေအားလုံး မြင့်တက်နေတာကို တွေ့ရပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၁၃၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၂၀၀ ကျပ်၊ ဒီဇယ် တလီတာ ၂၈၆၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၅၂၅ ကျပ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၇၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၄၀ ကျပ်၊ ဒီဇယ် တလီတာ ၂၇၄၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၃၆၅ ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၅၅ ကျပ်၊ ၉၅ ကတော့ တလီတာ ၆၀ ကျပ်၊ ဒီဇယ် တလီတာ ၁၂၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၁၆၀ ကျပ်ဝန်းကျင် မြင့်တက်လာပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးတွေ မြင့်တက်လျက်ရှိပါတယ်။
ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ အသားဈေးတချို့ ထပ်တက်လာသလို အသီးအရွက်ဈေးတွေလည်း တက်နေဆဲဖြစ်ပါတယ်။ တခြား ကုန်စည်အများစုကလည်း အမြင့်ဈေးမှာသာ ရှိနေဆဲဖြစ်ပါတယ်။
စားဆီဈေးကွက်ထဲမှာတော့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာ ၇၂၅၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ စားဆီဈေးဟာ ပြီးခဲ့တဲ့ သုံးပတ်က တပိဿာ ၇၂၈၀ ကျပ်ဝန်းကျင်မှာ မပြောင်းမလဲ ရှိနေခဲ့ရာကနေ ဒီတပတ်မှာတော့ ၂၅ ကျပ်လောက် ပြန်လည် ကျဆင်းလာတာကို တွေ့ရပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းသုံးထောင်ဝန်းကျင်ဖြစ်ပြီး အမြင့်ဈေးမှာ ဆက်ရှိနေပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ၇၆၀၀ ကျပ်ဖြစ်ပြီး ဈေးပြန်ကျလာပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ အမြင့်ဈေးအတိုင်း ဆက်ရှိနေပြီး ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ဇီယာ (ရှယ်) တအိတ် ရှစ်သောင်းရှစ်ထောင်ကျပ်၊ မြောင်းမြမနောသုခ တအိတ် ကိုးသောင်းခြောက်ထောင်ကျပ်ဝန်းကျင်မှာ ရှိနေပါတယ်။ ဆန်ချောကတော့ မြောင်းမြပေါ်ဆန်းမွှေး (အသစ်) တအိတ် တသိန်းသုံးသောင်း ရှစ်ထောင်ကျပ်၊ ပုသိမ်ပေါ်ဆန်းမွှေး (အသစ်) တအိတ် တသိန်းသုံးသောင်းကျပ် ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ကြက်ဥ၊ ဘဲဥဈေးကွက်မှာတော့ ဈေးတွေ ထပ်တက်နေပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ကျပ် ၄၅၀ ကနေ ၅၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥဈေးဟာလည်း အရွယ်အစားအလိုက် ၅၅၀ ကျပ်ကနေ ၆၀၀ ကျပ်အထိ ရှိနေပါတယ်။
အာလူးဈေးကတော့ အရင်တပတ် အမြင့်ဈေးအတိုင်း ဆက်ရှိနေပြီး တပိဿာ ကျပ် ၈၀၀၀ ကနေ တသောင်းဝန်းကျင်ဈေး ဖြစ်ပါတယ်။ ကြက်သွန်နီကတော့ အမြင့်ဈေးမှာ ငြိမ်နေပြီး အမျိုးအစားအလိုက် တပိဿာ ကျပ် ၄၀၀၀ ကနေ ၅၅၀၀ အထိ ရှိနေပါတယ်။ ကြက်သွန်ဖြူကတော့ ဈေးအနည်းငယ်ကျနေပြီး အမျိုးအစားအလိုက် တပိဿာ ကျပ် နှစ်သောင်းကနေ ကျပ် နှစ်သောင်းသုံးထောင်ဈေး ရှိနေပါတယ်။
ကုန်စိမ်းဈေးကွက်မှာတော့ တချို့အသီးအရွက်တွေက အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ ဂေါ်ဖီထုပ် တထုပ် ၃၅၀၀ ကျပ်ဈေးမှာ ဆက်ရှိနေပါတယ်။ ပန်းဂေါ်ဖီတွေက‌တော့ ဈေးဆက်ကျနေပြီး ၁၂၀၀ – ၁၅၀၀ ဈေး ရှိပါတယ်။ ပန်းဂေါ်ဖီ အစိမ်းကတော့ တပွင့်ကို ကျပ် ၁၅၀၀ – ၂၀၀၀ ပုံမှန်အတိုင်း ရှိနေပါတယ်။
တရုတ်ကန်စွန်းရွက် တစည်း ၁၀၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၅၀၀ ကျပ်ဈေးမှာပဲ ရှိနေပါတယ်။ ခရမ်းချဉ်သီးကတော့ အမြင့်ဈေးမှာ ဆက်ရှိနေပြီး တပိဿာ ကျပ် ၆၀၀၀ ဝန်းကျင် ဖြစ်ပေါ်နေပါတယ်။
ရပ်ကွက်ဈေးတွေမှာ တချို့ ငါး၊ ပုစွန်ဈေးတွေ ဆက်ကျနေပြီး ငါးမြစ်ချင်း တပိဿာ ကျပ် တသောင်းသုံးထောင်ဈေး ဖြစ်ပေါ်နေပါတယ်။ ငါးကြင်းကလည်း တပိဿာ တသောင်းခြောက်ထောင်ကျပ်ဈေး ဖြစ်လာပါတယ်။ အဲဒီလိုပဲ ပုစွန်ဈေးတွေကလည်း အမျိုးအစားအလိုက် တပိဿာ ကျပ် နှစ်သောင်းကနေ ခြောက်သောင်းဝန်းကျင်ဈေး ဖြစ်ပေါ်နေပါတယ်။
အသားဈေးကွက်မှာတော့ ကြက်သား‌နဲ့ ဝက်သားဈေးတွေက အမြင့်ဈေးအတိုင်း ဆက်ရှိနေပါတယ်။ ကြက်သား တပိဿာ ကျပ် တသောင်းရှစ်ထောင်ဈေး ဖြစ်ပါတယ်။ ဝက်သားကလည်း တပိဿာ ကျပ် သုံးသောင်းခြောက်ထောင်ဈေးမှာ ရှိနေပါတယ်။
အမဲသားနဲ့ ဆိတ်သားဈေးတွေကတော့ အနည်းငယ်တက်နေပြီး အမဲသား တပိဿာ ကျပ် နှစ်သောင်းခုနစ်ထောင်ဈေး ဖြစ်လာပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် သုံးသောင်းခွဲဖြစ်ပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW