ဇန်နဝါရီ ၂၇၊ ၂၀၂၅
Voice Of Myanmar
မန္တလေး နန်းမြို့ကျုံးနဲ့ တမိုင်ပတ်လည်မှာရှိတဲ့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံ မြို့နယ်ထဲက နေရာတချို့မှာ အထပ်မြင့်ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာက ယာယီဆိုင်းငံ့ထားတာကြောင့် ဆောက်လုပ်ခွင့်တင်သူတွေ ခွင့်ပြုမိန့်မကျဘူးလို့ လျှောက်ထားသူတွေဆီက သိရပါတယ်။
” ကျနော်မြေဝယ်တာ တသောင်းခွဲ တိုက်ဆောက်ဖို့ သိန်းတသောင်းခွဲတန်မြေဝယ်ထားတာဗျာ ၊ပါတဲ့အိမ်က နေမဖြစ်လို့ အသစ်ဆောက်မလို့ဟာ ဒီတားမြစ်ချက်ကြောင့် အခက်တွေ့နေတယ်။ တထပ်ပဲ ဆောက်ခွင့် ပေးတယ်တဲ့။ အိမ်ခြံေမြ အရောင်းအဝယ်ပါ အလုပ်မဖြစ်တော့ဘူး” လို့
အိမ်ဆောက်မယ့်သူ တယောက်က ပြောပါတယ်။
ဘာ့ကြောင့် ခုလိုတားမြစ်သလဲ ဆိုတာ သက်ဆိုင်ရာကိုပြန်မေးတော့လည်း လုံခြုံရေးကြောင့်ဖြစ်နိုင်တယ်လို့ မတင်မကျပြောတယ်လို့ဆိုပါတယ်။ ဒီတားမြစ်ချက်ကြောင့် အိမ်ဆောက်မယ့်သူနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေကြားလည်း ပြဿနာတချို့ရှိပြီး ဆောက်လုပ်ရေးပစ္စည်းတွေ ဆက်ဝယ်ရမလား ရပ်ထားရမလား ဝေခွဲမရဖြစ်နေတဲ့သူရှိသလို တချို့ရပ်ထားကြရတယ်လို့ သိရပါတယ်။
ဆောက်လုပ်ခွင့်ပေးတဲ့ သက်ဆိုင်ရာဌာနတွေကို VOM အနေနဲ့ မေးကြည့်တော့လည်း ယာယီတိုင်းငံ့တာသာဖြစ်ပြီး အချိန်တခုဆိုရင် ပြေလည်နိုင်တယ်လို့သာ ဖြေပါတယ်။
လတ်တလောမှာ ဒီလိုအခြေအနေကြောင့် နန်းရှေ့ဆိုရင် ၆၆လမ်းကနေ ၅၈ လမ်း၊ အနောက်ပြင်ဆိုရင် လမ်း၈၀ ကနေ ၈၆ လမ်း၊ ကျုံးတောင်ဘက်ဆိုရင် ၂၆ လမ်းကနေ ၃၅လမ်း ၊ မြောက်ပြင်ဆိုရင် ၁၂လမ်းကနေ ၃ လမ်းလောက်ထိ ရှိနိုင်တာကြောင့် ဒီဝန်းကျင်က နေရာတွေမှာ အရောင်းအဝယ်ဆိုရင် စဥ်းစားလာကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
အခု တားမြစ်ချက်ထဲ ပါဝင်သွားတဲ့ မြို့လယ် ဧရိယာမှာ၊ နေရာအလိုက်ပေါ်မူတည်ပြီး မြေ တစ်စတုရန်းပေကို ကျပ်ငွေ ဆယ်သိန်းကနေ သိန်းအစိတ်အထိ ရှိတယ်လို့ အိမ်ခြံမြေစျေးကွက်တွေအရ သိရပါတယ်။
ဒီဆောက်လုပ်ခွင့် တားမြစ်ချက်က အချိန်ကာလ ဘယ်လောက်အထိ ကြာမြင့်မလဲ ဆိုတာကိုတော့ အာဏာပိုင် အဖွဲ့အစည်းက ထုတ်ပြန်မထားတဲ့အတွက် ဒီပတ်ဝန်းကျင်က အိမ်ခြံမြေစျေးကွက် ရပ်ဆိုင်းသွားနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။
အရင်က ရှေးဟောင်းမြို့ရိုး မြင်ကွင်းကို မကွယ်အောင် ကျုံးမြို့ရိုးပတ်လည် မျက်နှာစာဖက်ခြမ်းတွေကိုပဲ အထပ်မြင့် ဆောက်လုပ်ခွင့် တားမြစ်ထားတာဖြစ်ပါတယ်။
Photo crd – Drone Ko Sai