ဆိပ်ဖြူမှာ စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် ဒေသခံ ထောင်ချီ တိမ်းရှောင်

ဖေဖော်ဝါရီ ၁ – ၂၀၂၅
SS (VOM)
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဆိပ်ဖြူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်ကစပြီး နစကတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ရွှေဘို့ကျွန်း၊ ကျောက်ကြီး၊ ညောင်ဂွေး၀၊ တောင်ဖြူ (အရှေ့/အနောက်)၊ ရှားတော၊ ကူရှည်အလယ်စု စတဲ့ ကျေးရွာတွေက ဒေသခံ ရှစ်ထောင်ကျော် အရေးပေါ် စစ်ရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။
“ရွှေဘို့ကျွန်းရွာမှာ အခြေစိုက်ထားတဲ့ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၂) ကို ကာကွယ်ဖို့အတွက် နစကတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်နေတာ။ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်တာလည်းရှိတယ်။ ဒေသခံတွေ ဘယ်သူမှ ရွာထဲမနေရဲကြတော့ဘူး။ အရေးပေါ် ရှောင်ကုန်ကြတာ” လို့ အဲဒီဒေသခံတွေကို ကူညီပေးနေသူက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ အမှတ် (၂၁) ၊ (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ နှစ်ရုံရှိပြီး ကပစ (၂၁) ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်းမှာ နစကတပ်တွေက ကပစ (၂၂) ကို ကာကွယ်နိုင်ဖို့အတွက် အင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာခြင်းဖြစ်တယ်လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။
ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ညောင်ဂွေးဝကျေးရွာ တောင်ဘက်ရှိ ဘုရားကုန်းနားမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား မိနစ် ၃၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်းက အောင်ဆန်းတက္ကသိုလ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ ခြောက်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW