မတ် ၅ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မနေ့ မတ် ၄ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာ မနေ့ည ၁၀ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံးမှုအပြင် ထိခိုက်၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပြီး နေအိမ် အလုံး ၃၀ လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“သေဆုံး ခြောက်ယောက်၊ ဒဏ်ရာရက လေးယောက်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း အနီရောင်အဆင့်ဖြစ်တယ်။ ဒဏ်ရာ ပြင်းတယ်။ လေကြောင်း တိုက်ခိုက်မှုပြီးသွားတော့ နတ်စောင့်ရွာထဲကို နစကတပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လူဦးရေ စုစုပေါင်း ၃၅၈၇ ယောက် နေထိုင်တဲ့ နတ်စောင့်ရွာမှာ အိမ်ခြေ ၃၇၀ ဝန်းကျင်ရှိပြီး တောင်သာနဲ့ ဇဂျမ်း လမ်းပေါ်မှာ တည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
နတ်စောင့်ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ နေအိမ် ၃၀ ခန့် ဆုံးရှုံးပြီး ပြည်သူ ခြောက်ယောက် သေဆုံးကာ ဒဏ်ရာရသူ များပြားကြောင်း အသိပေး ဖော်ပြထားပြီး နစကဘက်ကတော့ လက်ရှိ အချိန်အထိ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ စာသင်ကျောင်းမှာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လေးယောက် သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာပဲ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက ကျွဲဇိမ်ရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး တယောက် ဒဏ်ရာရကာ နေအိမ်တွေနဲ့ သာသနိက အဆောက်အုံတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းကွပ်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ