စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅
ရတီ(VOM)
ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀ ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော်စတော့ဟုမ်းအနောက်ဘက် ကီလိုမီတာ ၂၀၀ အကွာ အိုရီဘရိုမြို့ရှိ စာသင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ဆွီဒင်သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုဖြစ်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ်က ပြောပါတယ်။
ကျူးလွန်သူအမျိုးသားဟာလည်း သေဆုံးသတွေထဲမှာ ပါဝင်တယ်လို့ ယုံကြည်ရပြီး ယခင်က ပြစ်မှုမှတ်တမ်းမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုထားပြီး တိုက်ခိုက်မှုကို တယောက်တည်းကျူးလွန်ခဲ့တာဖြစ်ကာ ရည်ရွယ်ချက်ကိုတော့ ရှင်းလင်းစွာ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒဏ်ရာရသူအများပြားကို ဆေးရုံတင်ထားရပြီး လေးဦးကို ခွဲစိတ်ကုသမှုတွေ ပြုလုပ်နေပေးနေကာ သေဆုံးသူအရေအတွက် တိုးလာနို်ငကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီကျောင်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် သင်္ချာ၊ သိပ္ပံ၊ အခြားဘာသာရပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေအပြင် ဆွီဒင်ဘာသာစကားပါ သင်ကြားပေးပါတယ်။
သေဆုံးသူ မည်သူမည်ဝါတွေဆိုတာကို ရဲတပ်ဖွဲ့က ထုတ်ဖော်ဖို့ လုပ်ဆောင်နေပြီး လူသတ်မှု၊ တခြားပြစ်မှုတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆွီဒင်နိုင်ငံမှာ ဒီလိုအစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မှုဟာ ကြုံတောင့်ကြုံခဲ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။
Ref:BBC