ဝါရှင်တန်၊ ဖေဖော်ဝါရီ-၉-၂၀၂၅
မျိုးဆက်(VOM)
ကာရေဘီယံပင်လယ်မှာ ရစ်ချ်တာစကေး ၇ ဒဿမ ၆ အဆင့်ရှိ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံအများအပြားဟာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာနက ပြောပါတယ်။
ငလျင်ရဲ့ဗဟိုချက်ဟာ ဟွန်းဒူးရပ်စ်နိုင်ငံမြောက်ဘက် မိုင် ၂၀ အကွာနဲ့ ကေမန်ကျွန်းစုအနောက်တောင်ဘက် မိုင် ၁၃၀ အကွာမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ကြောင့် ကိုလံဘီယာ၊ ကေမန်ကျွန်း၊ ကော်စတာရီကာ၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွါ နဲ့ ကျူးဘားတို့အပါအဝင် ဒေသတွင်းနိုင်ငံတွေဟာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ပွာတိုရီကိုနဲ့ အမေရိကန်ဗာဂျင်ကျွန်းစုတို့မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆူနာမီလှိုင်းတွေအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ပေမယ့် ၄၅ မိနစ်အကြာမှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပုံမှန်မဟုတ်ဘဲ ပြင်းထန်တဲ့ ရေစီးကြောင်းတွေ ဖြစ်ပေါ်နိုင်ခြေကြောင့် ကမ်းရိုးတန်းဒေသနေသူတွေ သတိထားဖို့ လိုအပ်တယ်လို့ အမျိုးသားဆူနာမီစင်တာက သတိပေးထားပါတယ်။
ကေမန်ကျွန်းစု အစိုးရကတော့ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားဆဲဖြစ်ပြီး ကမ်းရိုးတန်းမှာ နေထိုင်သူတွေကို ကုန်းတွင်းပိုင်း ပြောင်းရွှေ့ဖို့ တိုက်တွန်းထားပါတယ်။ ၂၀၁၈ ခုနှစ်ကလည်း ယခုလှုပ်ခတ်ခဲ့တဲ့ နေရာဝန်းကျင်အနီးမှာ ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဆူနာမီအသေးစားတခု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် လက်ရှိလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ခြေနည်းတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ငလျင်ကြောင့် အမေရိကန်ပြည်မကြီးကမ်းရိုးတန်း တလျှောက်မှာ ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့တာမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:Getty Images