ဖေဖော်ဝါရီ ၉ – ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊မိတ္တီလာမြို့နယ်၊ရတနာမာန်အောင်ရပ်ကွက်၊နယ်မြေ ၄ ထဲမှာ အသက်၂ နှစ်အရွယ်ကလေးငယ်ကို သူရဲ့မိခင်အရင်းဖြစ်သူနဲ့ပထွေးက ရိုက်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကသိရပါတယ်။
ကလေးငယ်ကို ဖေဖော်ဝါရီ ၇ ရက်နေ့ညပိုင်းမှာ ရိုက်သတ်ခဲ့ပြီးနောက်ညတွင်းချင်း နေအိမ်ကိုပြန်သယ်လာပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မနက်ပိုင်းမှာမှ ကလေးအအေးပတ်ပြီးသေဆုံးသွားတယ်ဆိုပြီး ပတ်ဝန်းကျင်ကိုလိမ်ညာအသိပေးကာ မိခင်ရင်းနဲ့ပထွေးက တိမ်းရှောင်ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့မှ မသင်္ကာသဖြင့်လိုက်လံစစ်ဆေးရာမှ ကလေးငယ်က ရိုက်နှက်အသတ်ခံခဲ့ရတာကိုသိရှိခဲ့ရပြီး ပထွေးကိုတော့ ဖေဖော်ဝါရီ ၈ ရက်နေ့ညနေပိုင်းမှာပဲ ဖမ်းဆီးရမိခဲ့ပြီး မိခင်ဖြစ်သူကိုတော့ ညပိုင်းမှာထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
” ပတ်ဝန်းကျင်ကိုသူတို့က ကလေးအအေးပတ်လို့သေတယ်ပြောတယ်။အလှူငွေပါကောက်ပြီးသဂြိုလ်ပေးလိုက်တယ်။အဲဒီနောက်မှာ ရဲက စုံစမ်းပြီးသတင်းရတာ ကလေးကိုသီးနှံကုန်စိမ်းတန်းမှာ သတ်ခဲ့တာ။သတ်ပြီးကလေးကိုသယ်လာပြီးအိမ်မှာပဲ ဘာမှမဖြစ်သလိုအိပ်ထားတယ်။မိုးလင်းမှပတ်ဝန်းကျင်ကိုပြောအအေးပတ်လို့သေတယ်ဆိုပြီး သူတို့ကစည်းဝါးကိုက်ထားတာပေါ့။သူတို့ကအရင် ၁၀ ရက်လောက်တုန်းကလည်းကလေးကိုရိုက်နှက်လို့ဆိုပြီး ပတ်ဝန်းကျင်ကတိုင်လို့ ရုံးမှာခေါ်ပြီး နောက်နောင်မဖြစ်ဖို့သတိပေးပြောခဲ့တယ်။ ပထွေးလည်းနောက်မရိုက်စေရပါဘူးဆိုပြီးပြောသွားတာ။ညက နှစ်ယောက်လုံးလည်းဝန်ခံပါပြီ။ကျွန်တော်ကိုယ်တိုင်တရားလိုလုပ်တိုင်ကြားထားတာပါ။ “လို့ ရပ်ကွက်အုပ်ချုပ်ရေးဥက္ကဌကပြောပြပါတယ်။
ပထွေးနဲ့မိခင်းအရင်းရဲ့ရိုက်နှက်ခံရပြီးသေဆုံးခဲ့ရတဲ့ အသက်၂နှစ်အရွယ်ကလေးမလေးနာမည်က မသူချစ်ခင်ဖြစ်ပြီး ခန္ဒာကိုယ်ရဲနေရာအနှံ့ပြားမှာ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာများစွာတွေ့ရှိရတယ်လို့သိရပါတယ်။
လက်ရှိမှာ ကလေးငယ်ကိုရိုက်သတ်ခဲ့တဲ့မိခင်အရင်းနဲ့ ပထွေးဖြစ်သူတို့ကို မိတ္တီလာမြို့နယ်ရဲစခန်းမှာ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ ပုဒ်မ ၁၁၄ နဲ့အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်။
ကျူးလွန်သူတွေဖြစ်တဲ့ ပထွေးဖြစ်သူနာမည်က ရန်နိုင်စိုး ဖြစ်ပြီး မိခင်ဖြစ်သူနာမည်က မပြည့်စုံဝင်းခေါ် မပေါက်စမလို့သိရပြီး အလုပ်အကိုင် ပလုံကောက်ကြတာဖြစ်တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီရပ်ကွက်ထဲမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို အဒေါ်ဖြစ်သူက တံမြက်စည်းနဲ့ရိုက်နှက်မှုကြောင့် အတွင်းကြေဒဏ်ရာရရှိပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
Photo – CJ