မုန့်ပျားသလက်၊ မုန့်ပဲဆုပ်၊ မုန့်ဦးနှောက်၊ မုန့်ဖက်ထုပ်

 

 

 

ဆူးငှက်

တကယ်တော့ မုန့်ပျားသလက်သည် မြန်မာ့ရိုးရာအစား အစာ စစ်စစ်ဖြစ်ပါ၏။ အညာဒေသထွက် ပဲနှင့် ဆန်မှုန့်တို့ကို အဓိကထား၍ မြေပဲဆီ၊ နှမ်းဆီ စစ်စစ်အသုံးပြုကာ မြန်မာ့မြေအိုး ကင်းတွင် ထင်းမီးဖြင့်ပြုလုပ်ရသော မုန့်ဖြစ်သည်။ ပျားကောင်၏ ပျားသလက်နှင့် တူသောကြောင့် မုန့်ပျားသလက်ဟု ခေါ်ဆို သလို မုန့်ပစ်သလက်ဟုလည်း သုံးစွဲခေါ်ဝေါ်ကြသည်။ မုန့်ပျား သလက်၏ မူလပုံစံမှာ ဆန်မုန့်ရည်ပျစ်ပျစ်ကို ထန်းစေ့မှုတ်ဖြင့် ခပ်ပြီး မြေပဲဆီ၊ နှမ်းဆီပုတ်ထားသော မြေအိုးကင်းအနေတော် စောက်တွင် ထည့်ကာ စားတော်ပဲ၊ ပဲလွန်းပြုတ် စသည်တို့ကို ဖြောက်ဖြောက်ဖြူးပြီး မြေအိုးဖုံးဖြင့်ဖုံး၍ ကျက်လောက်လျှင် အပေါ်မှ ဆီဖြင့်ထပ်၍ပုတ်ပြီး နှမ်းထောင်းဖြူး၍ စားရသည်။

 

မုန့်ပျားသလက်နှင့် မတ်ပဲ ဘယာကြော်မှာ အလိုက် ဖက်ဆုံး အစားအသောက်ဖြစ်သည်။ နောက်ပိုင်း၌ အနေတော် စောက်ရှိ မြေအိုးကင်းအစား သံဒယ် ပက်လက်တွင် ဆီရွဲရွဲကျက် စေပြီး မုန့်နှစ်ရည်ကျဲကို ခပ်ပါးပါးထည့်၍ ခရမ်းချဉ်သီး၊ အုန်းသီး၊ စားတော်ပဲ၊ ငရုပ်သီးတောင့်၊ ချေထားသည့် ဘယာကြော် သို့မဟုတ် ဝက်ဆီဖတ်ကြော်၊ နံနံပင် စသည့် အဆာပလာများ ထည့်သည့် ရေပါးမုန့်ပျားသလက်များလည်း အကြိုက်တွေ့လာ ကြသည်။ အဆိုပါမုန့်ကို ခေþတာရေးမုန့်ဟုလည်း ခေါ်ဆိုကာ ဘုရားပွဲဈေးများတွင် တွင်တွင်ကျယ်ကျယ်ရောင်းချကြသည်။ မူလ မုန့်ပျားသလက် မှာ ပဲနှင့်မုန့်သားထူထူ အဆိမ့်စားဖြစ်ပြီး၊ ရေပါးမုန့်မှာ ချိုချဉ် ငန်စပ် အရသာစုံသဖြင့် လူငယ်များက ပို၍ နှစ်သက်ကြ၏။

 

မူလ မုန့်ပျားသလက်အထူတွင် ဆန်မုန့်ရည်၌ ထန်းညက်ရည်ထည့်၍လည်း မုန့်ပျားသလက်အချိုအဖြစ် အုန်း သီးဆံဖြူး၍ အကြိုက်တွေ့ကြသေးသည်။ မုန့်ပျားသလက်အနီ ဟုလည်း ခွဲခြားပြောဆိုကြသည်။ ရေပါးမုန့်ဟုခေါ်သည့် ချွေတာရေး မုန့်ပျားသလက်ကို မန္တလေးရှိ တန်ခိုးကြီးဘုရားများမှ ဈေးတန်းများ၊ မင်္ဂလာဈေး၊ နန်းရှေ့ဈေးကဲ့သို့ မြန်မာအများစုဝယ် သောဈေးများတွင် အမြဲရနိုင်သလို မန္တလေး၏ ၁၂ ရာသီဘုရားပွဲ၊ ကထိန်ပွဲ ပွဲဈေးတန်းများတွင်လည်း တွင်ကျယ်စွာရောင်းချကြဆဲ ဖြစ်သည်။ မန္တလေးရှိအချို့သော လက်ဖက်ရည်ဆိုင်ကြီးများတွင် လည်း ရရှိသည်။

 

မုန့်ပျားသလက် အဖြူ၊ အနီဟုခေါ်သော မုန့်သားအထူ မုန့်ပျားသလက်မှာမူ မန္တလေး၏ အချို့သော ဆင်ခြေဖုံးရပ်ကွက် များ၌သာ ရရှိနိုင်တော့သည်။ သို့သော် အထက်အညာကျေးလက် တောရွာများ၌ကား မုန့်ပျားသလက် အဖြူ၊ အနီများကိုပဲ နံနက်ခင်း သရေစာအဖြစ် မြိန်မြိန်ယှက်ယှက် စားသုံးနေကြဆဲဖြစ်ပါ၏။

 

 

မြန်မာလူမျိုးတွေ အစဉ်အဆက် စားသောက်ကြတဲ့ မုန့်တွေဟာ ကောက်ညှင်းနဲ့လုပ်တဲ့မုန့်၊ ဆန်မှုန့်နဲ့လုပ်တဲ့မုန့်၊ ကောက်ညှင်းနဲ့ ဆန်မှုန့် ရောလုပ်တဲ့မုန့် ဆိုတာမျိုးရှိသည်။ ပဲတို့၊ အုန်းသီးတို့၊ ထန်းညက်တို့လို အဆာပလာတွေနှင့်လည်း ရောနှော ကြပါ၏။ ဒီနေရာမှာ ဆန်မှုန့်နှင့်ထန်းညက်၊ ကောက်ညှင်းမှုန့်နှင့် ထန်းညက်၊ ဆန်မှုန့်နှင့်ပဲ၊ ကောက်ညှင်း မှုန့်နှင့်ပဲ ဆိုရင် အများအားဖြင့် မြန်မာ့ရိုးရာ အစားအစာစစ်စစ် ဧကန်ဖြစ်ပါလိမ့်မည်။ ဆန်မှုန့်နှင့် အုန်းသီးဆိုရင်လည်း ရိုးရာစစ်စစ် ဖြစ်ကောင်းဖြစ်နိုင်ရဲ့။ ကောက်ညှင်းမှုန့်ဆိုလျှင် တိုင်းရင်းသား ရိုးရာအစားအသောက် ဖြစ်ဖို့များသည်။ ကောက်ညှင်းမှုန့်နှင့် အုန်းနို့ဆိုရင် မြန်မာပြည် အောက်ပိုင်း ရိုးရာအစားအစာဖြစ်နိုင်သလို မြန်မာနဲ့ ရှေးအတီတေ ကတည်းက အဆက်အဆံ ရှိခဲ့တဲ့ ထိုင်းလူမျိုးတွေရဲ့ အစား အသောက်ဖြစ်ဖို့လည်းများပါတယ်။

 

ထိုင်းနှင့်က ဘုရင့်နောင်ခေတ်မှသည် အဆက်အဆံရှိခဲ့ တာ ဆင်ဖြူရှင်မင်းလက်ထက်ရောက်တော့ ထိုင်းလူမျိုး ဘုရင်၊ မင်းဆွေမင်းမျိုး၊ ပညာရှင်များသာမက သာမန်အရပ်သူ အရပ်သားတွေအထိ အညာက မြန်မာတောထဲ ရောက်လာကြတော့သည်။ အမရပူရမှာ၊ မန္တလေးမှာ ထိုင်းလူမျိုးတွေ အခြေချ နေထိုင်လာကြတော့ သူတို့ အစားအသောက် တွေကိုလည်း မြန်မာတွေ မြီးစမ်း ကြရသည်။ နောက်တော့ အကြိုက်တွေ့သွားကြပြီး မင်းစိုးရာဇာ နှင့် ကြေးရတတ်များ၏ အစားအသောက်စာရင်းမှာ ထိုင်အစား အသောက်တွေ နေရာယူသွားကြသည်။ မုံ့တီ၊ မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ ထိုးမုန့်၊ ကရေကရာ၊ မုန့်သိုင်းခြုံ၊ မာစကတ်၊ ဆနွင်း မကင်း၊ ခနုံထုပ် စသည့် အစားအသောက်များသည် ဒီကနေ့အထိ မြန်မာ့ရိုးရာ အစားအသောက်အသွင် ပြောင်းလဲသွားပါပြီ။

 

အညာမှာ ရှေးကတည်းက ရှိခဲ့တဲ့ ရိုးရာအစား အသောက်တွေထဲတွင် မုန့်ပဲဆုပ်၊ မုန့်ဦးနှောက်၊ မုန့်ဖက်ထုပ် များက ဒီကနေ့အထိ ခံတွင်းတွေ့ စားသောက်နေကြဆဲဖြစ်သည်။ အထူးသဖြင့် ဒီအစားအသောက်တွေက နေ့လယ် နေ့ခင်းသရေစာနှင့် ညာဉ့်ဦးပိုင်း အဆာပြေ အစားအသောက်များအဖြစ် ခေါင်းရွက် ရောင်းချကြသူတွေ ရှိပါသေးသည်။ ဆန်မှုန့်သီးသန့်ဖြစ်စေ၊ ကောက်ညှင်းမှုန့်နှင့် ရောစပ်လို့ဖြစ်စေ၊ ပဲ၊ ကြက်သွန်ကြော်၊ နှမ်း ထောင်း၊ မြေပဲထောင်း၊ ထန်းညက် စသည်များနှင့် ပြုလုပ်ထားသောကြောင့် မြန်မာတွေအတွက် အကြိုက်တွေ့ဆဲ အစားအသောက်များ ဖြစ်ပါသည်။

 

မုန့်ပဲဆုပ်က နတ်တော်ပဲလို ပဲလွန်းလို ပဲမျိုးနဲ့ ပြုလုပ်၏။ မုန့်ဦးနှောက်က ကြက်သွန်ကြော်၊ မြေပဲထောင်း၊ နှမ်းထောင်းနှင့် အဆိမ့်စာအဖြစ် စားနိုင်သည်။ မုန့်ဖက်ထုပ်ကတော့ ထန်းညက်နှင့်မို့ အချိုတည်းစာပေါ့။ ဒီမုန့်တွေထဲမှာ မပြောင်း မလဲ ပါရှိနေတာက ငှက်ပျောဖက်များနှင့် ထုပ်ပိုးထားခြင်း ဖြစ်သည်။

 

မန္တလေးမှာ နေ့လယ်နေ့ခင်း ဝါးနှင့်ရက်ထားသော ဗန်းလေး ထဲ ပေါင်းအိုးက ချကာစ မုန့်ပဲဆုပ်၊ မုန့်ဦးနှောက်၊ မုန့်ဖက်ထုပ် ပူပူနွေးနွေးတွေကို ပိတ်စ အဖြူလေးနဲ့အုပ်၊ ကြက်သွန်ကြော်၊ မြေပဲထောင်း နှမ်းထောင်းဗူးလေးနှင့် လှည့်လည်ရောင်းချကြသော ဈေးသည်မလေးတွေ ရှိခဲ့ဖူးသည်။ “မုန့်ပဲဆုပ်၊ မုန့်ဦးနှောက်၊ မုန့်ဖက်ထုပ်”ဟု အော်၍ ရောင်းကြသည်။

 

ညပိုင်းရောက်ရင်တော့ ထန်းခေါက်တောင်း၊ နှီး တောင်းထဲထည့်၊ အဝတ်စအုပ်ပြီး စက်ဘီးနင့် လှည့်ရောင်းတဲ့ ယောက်ျားသား ဈေးသည်တွေလည်း အခုထိ ရှိသေးသည်။ “ထိုင်ဝမ်ပြောင်းဖူး ပြုပ်၊ မုန့်ဖက်ထုပ်”တဲ့လေ…။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #မုန့်ပျားသလက်၊မုန့်ပဲဆုပ်၊မုန့်ဦးနှောက်၊မုန့်ဖက်ထုပ်

Related posts

Leave a Comment

VOM News

FREE
VIEW