Shy V (VOM)
ပြည်တွင်းမှာ ဝင်ငွေကနည်း အလုပ်ကရှားနေချိန်မို့ တရုတ်ပြည်မှာ အလုပ်သွားလုပ်ကြတဲ့ လူငယ်တွေများလာတဲ့အထဲမှာ မြန်မာမိန်းကလေးငယ်တွေဟာ တရုတ်တွေရဲ့ မယားအဖြစ်နေပေးဖို့ ရှာဖွေပေးသူတွေရဲ့ ပစ်မှတ်တွေဖြစ်လာနေပါတယ်။
တချို့တွေဟာ အလိုတူအလိုပါ တရုတ်မယားအဖြစ် ကိုယ်တိုင်က ကျေနပ်လက်ခံသူရှိသလို တချို့ကတော့ တရုတ်မယားအဖြစ် ရောင်းစားခံရမှန်းမသိ ရောင်းစားခံရပြီး အချိန်လွန်မှ ကူပါကယ်ပါနဲ့ ဖြစ်ကုန်ရသူတွေများလာပါတယ်။
လက်ရှိမှာတော့ တရုတ်နိုင်ငံသားတွေက လူကုန်ကူးတာတွေကို နယ်စပ်ဂိတ် ကနေတင် မဟုတ်ပဲ လေကြောင်းခရီးနဲ့ တရားဝင် ဗီဇာနဲ့ ရန်ကုန်၊ မန္တလေးကို လာရောက်ပြီး မြန်မာ မိန်းကလေးတွေကို လာရောက်ဝယ် ယူတာတွေ ခေတ်စားလာပါတယ်။
တရုတ်နိုင်ငံသား တရုတ်တွေက ကိုယ်တိုင် လက်ထပ် ယူဖို့က လူနည်းစု ဖြစ်ပြီး အများစုက လူကုန်ကူးမယ့် ပွဲစားတွေဖြစ်ပါတယ်။ ဒီလို မြန်မာ မိန်းကလေးတွေကို ဝယ်ယူဖို့ ပေါ်ပေါ်တင်တင် လုပ်လာတာဖြစ်ပြီး ဈေးကွက် တခုလို ဖြစ်နေပြီ ဖြစ်ပါတယ်။
ဒီလိုရောင်းစားခံရတဲ့ မိန်းကလေးတွေအများစုဟာ ဆင်းရဲနွမ်းပါးသူ အများစုဖြစ်နေတာတွေ့ရပါတယ်။မြန်မာဆင်းရဲသားဆိုတာ ငွေကြေး ဆင်းရဲသူ အပြင် အသိဉာဏ် ဆင်းရဲ သူတွေလည်း ပါဝင်ပါတယ်။ ငွေကြေး ဆင်းရဲ သူတိုင်း တရုတ် မယား လုပ်တယ်လို့ ဆိုလိုတာ မဟုတ်ပါ။
အဲဒီလို တရုတ် နိုင်ငံသားတွေကို မိတ်ဆက်ပေးသူတွေကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး တရုတ်နိုင်ငံမှာ တရုတ် မယားလုပ်နေတဲ့သူတွေ အများစုပါဝင်နေတာကိုတွေ့ရပါတယ်။ ပွဲစားတချို့ကတော့ လူကုန်ကူးခံရသူတွေပဲ လူကုန်ကူးတာတွေ ပြန်ပြီး လုပ်တာတွေ့ရပါတယ်။
တရုတ် – မြန်မာ နယ်စပ် တရုတ်ဘက်ခြမ်းမှာတော့ ဒီလို မြန်မာ မိန်းကလေးတွေကို ချိန်ဆက်ပေးတဲ့ ကိုယ်စားလှယ်/ အေးဂျင်စီ ရုံးတွေပါ တရားဝင် ဖွင့်ထားတာကို တွေ့ရပါတယ်။
အဲလို ရုံးတွေကို တရုတ် အစိုးရက မဖမ်းဘူးလားလို့ စကားပြန် တယောက်ကို မေးကြည့်တော့
“ဒီလို မိန်းမ ယူဖို့ ချိတ်ဆက်ပေးတဲ့ ရုံးတွေကိုတော့ မဖမ်းပါဘူး။ ဒါက ကာယကံ ရှင် ရဲ့ သဘောထားကို မေးပြီး ချိတ်ပေးတဲ့ ပုံစံ” လို့ သူက ပြောပြပါတယ်။
နယ်စပ်ဒေသမှာ လေ့လာ တွေ့ရှိတဲ့ ရသလောက် လူကုန်ကူးမှု ပုံစံ အမျိုးမျိုး ရှိတာကို လေ့လာ တွေ့ရှိရပါတယ်။
တချို့က ရောင်းစားလို့ ရောင်းစားခံရမှန်း မသိတဲ့ ပုံစံ။ ဥပမာ – တရုတ်ဘက်ခြမ်းမှာ ဖြစ်ဖြစ်၊ မြန်မာ နိုင်ငံ ထဲမှာ ဖြစ်ဖြစ် အရင်ဦးဆုံး ကာယကံရှင်၊ မိသားစု၊ သူငယ်ချင်း ရင်းနှီးမှု တည်ဆောက် ပြီးရင် ကာယကံရှင်ကို ချဉ်းကပ် ယူတာမျိုး ဖြစ်ပါတယ်။
လတ်တလောမှာပဲ ရန်ကုန် ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေ ဆယ်ကျော်သက် မိန်းကလေးငယ်တွေကို တရုတ်နိုင်ငံသားလို့ ယူဆရတဲ့ တယောက်က စကားပြန်နဲ့ အတူ အဲဒီ မိန်းကလေးငယ်ရဲ့ မိသားစု အိမ်လာရောက်ပြီး သဘောကျ နှစ်သက်ကြောင်း မိသားစုဝင်တွေ အားလုံးကိုပါ ပေါ်ပေါ်တင်တင် ပြောနေတာကို တွေ့ရပါတယ်။ ငွေတွေပါ ဝေပေးတယ်လို့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ နေပေမယ့် ဗွီဒီယိုဖိုင်မှာတော့ မပါပါဘူး။
နောက်ဆက်တွဲ ဗွီဒီယိုဖိုင်မှာတော့ တရုတ်နိုင်ငံသား အမျိုးသားက မိန်းကလေးငယ်တွေကို အဖြူ အစိမ်း ဝတ်စုံတွေပါ ဝတ်ပြခိုင်းနေတာကို တွေ့ရပါတယ်။
အဲဒီ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေ မ …. နဲ့ မ …..တို့ မိသားစုရဲ့ ဘဝရပ် တည်ရန် ခက်ခဲေနတဲ့ အခြေအနေကို အခွင့် ကောင်းယူပြီး ငွေကြေးပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် Video ရိုက် ကူးကာ Online လူမှုကွန်ယက်ပေါ်တွင် လွှင့်တင်ခဲ့ကာ ရရှိတဲ့ ငွေကြေးအကျိုးအမြတ် တွေကို ခေါင်းပုံဖြတ်ဖို့ ပူးပေါင်းပြင်ဆင်အား ထုတ်ခဲ့တဲ့ မသီတာအောင်၊ အောင်ဇော်ဦး (ခ) ဟာမီဒူလာ၊ တရုတ်နိုင်ငံသား Mr.Luo Fei နဲ့ အမည်မသိ တရုတ်နိုင်ငံသား တစ်ဦးတို့အား ဥပဒေနဲ့ အညီအရေးယူ ပေးရန် တိုင်တန်းချက် အရ ဖေဖေါ်ဝါရီ ၆ ရက် ညနေပိုင်းက ဒလမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ -၃၅/၄၄ နဲ့ အမှုဖွင့်လှစ်ထားကြောင်း သိရပါတယ်။
လူကုန်ကူး တရားခံဖြစ်သူ တရုတ်နိုင်ငံသား Mr.Luo Fei နိုင်ငံကူးလက်မှတ် EN 0910723 က ဖေဖေါ်ဝါရီ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်မှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ကနေ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကို Thai Airway လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် (TG-.)နဲ့ ထွက်ခွာဖို့ ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာကို ဝင်ရောက်လာခဲ့တယ်လို့ လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သိရတယ်လို့ ဆိုပါတယ်။
အဲဒီမှာ ဒုရဲမှူး ဇော်ထူးအောင် ဦးစီး အမှတ် ၁၉ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ရန်ကုန်လေဆိပ်)က တရုတ်မယား အဖြစ် လက်ထပ်ထိမ်းမြားေစဖို့ ဗီဒီယို ရိုက်ကူးကာ အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့တဲ့ ဖြစ်စဉ်က တရုတ်နိုင်ငံသားတေယာက်ကို ပြည်ပထွက်ခွာခွင့် တားဆီးခဲ့ပြီး အမှတ် ၆ လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု (ရန်ကုန်)ကို အကြောင်းကြားခဲ့တာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒလမြို့မရဲစခန်းက (ပ) ၂ဝ/၂ဝ၂၅၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄အမှုမှ တရားခံ တရုတ်နိုင်ငံသား Mr.Luo Fei ကို အမှုနဲ့ ဆက်လက် စစ်ဆေးနိုင်ရန် အမှတ် ၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)ဆီ လွှဲပြောင်း ပေးခဲ့ကြောင်းလည်း သိရပါတယ်။
ဒီလိုပဲ မြန်မာ မိန်းကလေးတွေကို ရန်ကုန်အထိဗီဇာနဲ့လာ၊ အိမ်ခန်းငှား နေထိုင်ပြီး လက်ထပ်ကာ တရုတ်နိုင်ငံကို ပတ်စ်ပို့ ဗီဇာတွေနဲ့ လက်ထပ်လက်မှတ်တွေ လုပ်ပြီး လာဝယ်တဲ့ ပွဲစားတွေ အများအပြား ရှိတယ်လို့ ရွှေလီမှာ မိန်းမတွေကို ချိတ်ဆက်ပေးတဲ့ အေဂျင်စီ ဖွင့်ထားတဲ့ တရုတ်နိုင်ငံသား နှစ်ယောက်က ပြောပြပါတယ်။
“ကျနော်တို့လည်း မြန်မာနိုင်ငံဘက် သွားပြီး တရုတ် ယောက်ျားယူချင်တဲ့ မိန်းကလေးတွေကို ခေါ်ယူချင်တယ်။ ပတ်စ်ပို့တွေ၊ ဗီဇာတွေ ဘယ်လောက် ကျကျ ကျနော်တို့ အကုန်အကျ ခံပေးတယ်။ အခုက သူများတွေ အဲလိုပဲ လုပ်နေကြတယ်” လို့ သူတို့က ပြောပြပါတယ်။
တချို့ မြန်မာ မိဘတွေကတော့ မိဘတွေ ကိုယ်တိုင် လူကုန်းကူးရာရောက်မှန်းမသိပဲ ငွေရတာကြောင့် တရုတ်နဲ့ ပေးစာတာဖြစ်ပါတယ်။ ဒီလိုပေးစားတာကလည်း ပွဲစားတွေက ချိတ်ဆက်ပေးတာ များပါတယ်။
နောက်ထပ် ပုံစံတခုက ကာယကံရှင် မိန်းကလေး တယောက်ထဲရဲ့ သဘောတူညီချက်ကို ရရယူပြီး မိန်းမ ယူမယ့် တရုတ်ယောက်ျားတွေနဲ့ တွေ့ဆုံခိုင်းတာဖြစ်ပါတယ်။ ဒီပုံစံမှာတော့ မိန်းကလေး အနေနဲ့ ယောက်ျားရွေးချယ်ခွင့် မရှိပဲ တရုတ် အမျိုးသားတွေကပဲ သူတို့ သေဘာကျတဲ့ မိန်း ကလေးတွေကို ရွေးယူတာ ဖြစ်ပါတယ်။
နောက်ပြီး ရောင်းစားခံရမယ့် မြန်မာ မိန်းကလေး ကိုယ်တိုင်မသိပဲ အလုပ်ရမယ်ဆိုပြီး လိမ်လည်ခေါ်ယူကာ တရုတ် မယားအဖြစ် ရောင်းစား ခံရတဲ့ မြန်မာ မိန်းကလေး တော်တော်များလာတာကို ကြားလာရပါတယ်။
တချို့က မြန်မာနိုင်ငံဘက်ခြမ်းကနေ ချိတ်ဆက်ပြီး ခိုးပေါက်ကနေ နယ်စပ်၊ မယ်စပ်ကနေ ရွှေလီ၊ ရွှေလီကနေ တရုတ် ပြည်ကြီးတွေဘက် ရောင်းစားခံရတာပါ။
တရုတ်ဘက် နယ်စပ် တွေမှာတော့ ဟိုတယ်မှာ လိုလေ သေးမရှိ ကျွေးမွေးထားပြီး ပွဲစားတွေက စရံငွေ တချို့ ကြိုပေးကာ နေအိမ်ကို ငွေလွဲ ခိုင်းပြီး အယုံသွင်းတာမျိုး လုပ်တယ်လို့ သိရပါတယ်။
“တရုတ်တွေက မြန်မာ မိန်းကလေးတွေ ယူရတယ်ဆိုတာ ငွေမရှိလို့ ဆင်းရဲလို့ ယူတာ။ တချို့က တရုတ်ပြည်မှာ သူတို့ကို ကြိုက်မယ့်သူ၊ ယူမယ့်သူ မရှိလို့ မြန်မာ မိန်းမ ရှာတာ။ တရုတ် အချင်းချင်း ယူမယ်ဆိုရင် တင်တောင်းငွေ တရုတ်ယွမ်ငွေ သိန်းချီပေးရတဲ့ အပြင် နေအိမ်၊ ကားတွေပါ ရှိရမယ်။ တလ ငွေ ဘယ်လောက် ဝင်တဲ့ အလုပ်ရှိသလဲ ဆိုတာတွေပေါ့။ အဲဒါကြောင့် မြန်မာ မိန်းကလေးတွေ ဈေးပေါပေါနဲ့ ရလို့ ယူတာ။ ကံကောင်းတဲ့ လူတွေက ကောင်းတဲ့ လူနဲ့ကျနိုင်တယ်။ တချို့က နှိပ်စက်တာ ခံရတယ်။ တဆင့် ပြန်ရောင်းစားတာ ခံရသူလည်း ရှိတယ်။ ပွဲစားတွေက ကလေး ရမရ အာမခံရတယ်။” လို့ ရောင်းစားခံခဲ့ ရဖူးတဲ့ မိန်းကလေး တယောက်က ပြောပါတယ်။
ဆယ်ကျော်သက် အရွယ် မိန်းကလေးတွေက တရုတ်ယွမ် ရှစ်သောင်း၊ ကိုးသောင်း အထိ ဈေးပေါက်တယ်။ ပွဲစားတွေက ကာယကံ ရှင်ကို အများဆုံး လေးသောင်းခွဲ ထက်ပို လုပ်စားတာမျိုး အပြင် တချို့က တပြားမှ မပေးပဲ အရောင်းစား ခံရတာလို့ သူက ပြောပါတယ်။
နောက်ထပ် ရောင်းစား ခံနေရတဲ့ မိန်းကလေးကတော့
“ကိုယ်ဝန် ၇ လ ရှိပြီ။ ထမင်းကို မသေရုံပဲ ကျွေးတာ။ ဖုန်းပါ Reset လုပ်ပစ်ပြီးအသိမ်း ခံရတယ်။ ထွက်ပြေးတော့လည်း ရဲတိုင်ပြီး ပြန်လာဖမ်းခေါ်တယ်။ ဖုန်း Reset လုပ်ခံရတော့ မိသားစုတွေနဲ့ လည်း အဆက်အသွယ်မရတော့ဘူး။ နေအိမ်ပြန်ဖို့ လိုင်းပေါ်မှာ အကူအညီ လိုက်တောင်းနေတယ်။ သံရုံးက ဘယ်နား ရှိသလဲ၊ ဘယ်လို ဆက်သွယ် ရမလဲ ဆိုတာလဲ မသိဘူး” လို့ ပြောပါတယ်။
ရွှေလီမှာရှိတဲ့ မြန်မာ လူမှုကူညီရေး အသင်းအဖွဲ့တွေ၊ ယဉ်ကျေးမှု အဖွဲ့အစည်းတွေက ချိတ်ဆက် အကူအညီတောင်းလာရင်တော့ မြန်မာကောင်စစ်ဝန်ရုံး နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးတာမျိုး ရှိတယ်လို့ သိရပေမယ့် ၂၀၂၃ နှစ်ကုန်ပိုင်းကစ ကူညီဆောင်ရွက်ပေးတာမျိုး သိပ်မတွေ့ရတော့ကြောင်း နယ်စပ် ဒေသခံတယောက်က ပြောပါတယ်။
တလောက တရုတ်မယားလုပ်ဖို့ ဖိတ်ခေါ်တဲ့ ယောင်္ကျားလျာတယောက်က မန္တလေးကျုံးဘေးမှာ ကြော်ငြာဗီဒီယိုရိုက်ပြီး tik tok မှာ ပေါ်တင် လူသိထင်ရှားရိုက်တင်တာတွေ့ဘူးပါတယ်။ နောက်တော့ သက်ဆိုင်ရာက အရေးယူတာတော့ကြားမိပြီး ဘာဆက်ဖြစ်တယ်တော့ မသိရသေးပါဘူး။
လက်ရှိ အခြေအနေအရ မြန်မာမိန်းကလေးတွေ တလ ၅ ယောက် ထက်မနည်း လူကုန်ကူး ခံရတာရှိနိုင်ကြောင်း ရွှေလီဘက် မြန်မာမိန်းကလေးတွေကို ချိတ်ဆက်ပေးတဲ့ အေဂျင်စီ နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မြန်မာ နိုင်ငံက အသိ ဗဟုသုတ ဆင်းရဲ မြန်မာ မိန်းကလေး တွေကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြပ်အတည်း၊ အလုပ်အခက်အခဲ ကိုအခွင့် ကောင်းယူ ငွေ မက်လုံး ပေးတဲ့ တရုတ်တွေရဲ့ မယား ထောင်ချောက်ထဲပဲ ကျော့မိ ကုန်တော့မှာလား ဆိုတာတော့ တွေးပူ စရာပေါ့။
ဒီလို မြန်မာမိန်းကလေးတွေကို ပစ်မှတ်ထား လူကုန်ကူးခံရတာေတွ့ရင် စည်းရုံးနေတာသိရင် အသိဥာဏ် ဗဟုသုတရှိသူတွေက တားဆီးပေးဖို့လိုသလို သက်ဆိုင်ရာကလည်း ထိထိရောက်ရောက် အရေးယူပေးပါမှ မြန်မာအမျိုးသမီးငယ်တွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါလား။