ကရင်နယ်ခြားစောင့်တပ် စောချစ်သူနဲ့ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်ဖို့ ထိုင်းအစိုးရ စီစဉ်

ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၁-၂၀၂၅
မျိုးဆက်(VOM)
ထိုင်း-မြန်မာ နယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ခေါင်းဆောင်တွေကို ထိုင်းအာဏာပိုင်တွေက ဖမ်း၀ရမ်းထုတ်ဖို့ စီစဉ်နေပါတယ်။
ထိုင်းအထူးစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေဟာ လူကုန်ကူးမှုဆိုင်ရာ အထောက်အထားတွေကို အစိုးရရှေ့နေထဲ တင်ပြပြီး ဖမ်း၀ရမ်းထုတ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းတရားရေးဌာနကရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက် Matichon သတင်းဌာနက ဖော်ပြထားပါတယ်။
ဒီလို လူကုန်ကူးမှု သက်သေအထောက်အထားတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရပြီး ဖမ်းဆီးခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားတယောက်ကို ကယ်ထုတ်ပြီးနောက် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ကရင်နယ်ခြားစောင့်တပ်ဟာ မြ၀တီ ရွှေကုက္ကိုလ်ရှိ လောင်းကစားနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ချုပ်ကိုင်ထားပါတယ်။
ဖမ်း၀ရမ်းထုတ်ခံရမယ့်သူတွေထဲမှာတော့ ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင် စောချစ်သူအပြင် အခြားခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ စောမုတ်သုန်နဲ့ စောတင်ဝင်းတို့လည်း ပါဝင်ကြောင်း Matichon သတင်းဌာနက ဖော်ပြထားပါတယ်။
မကြာသေးမီကလည်း နယ်စပ်ရှိ အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းမှုအဖြစ် မြန်မာနယ်စပ်ဒေသတွေကို လျှပ်စစ်၊ အင်တာနက်နဲ့ စက်သုံးဆီတွေကို ထိုင်းအာဏာပိုင်တွေက ဖြတ်တောက်ထားပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်က သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ကာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။
Ref:Matichon
Photo: Matichon

Related posts

Leave a Comment

VOM News

FREE
VIEW