ဖေဖော်၀ါရီ ၊ ၁၆ ၊ ၂၀၂၅
ကျော်ဟိန်း (VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြိုနယ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကင်မွန်းတော်ကျေးရွာမှာ မနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ချောင်းဦးမြိုခံတွေဆီက သိရပါတယ်။
” ကင်မွန်းတော်မှာ မနက်ပိုင်းကစလို့ ထိတွေမှုတွေဖြစ်တယ် ၊ ကျေးရွာ လုံခြုံရေး ပြည်သူ့စစ် အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ပစ်ခတ်တာတွေဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ သုံးထောင်၀န်းကျင်လောက်နဲ့ ကျေးရွာ ပြည်သူ့စစ် အဖွဲ့တွေ ဖြစ်ကြတာ ၊ တိုက်ပွဲဖြစ်ပြီး မကြာခင် တပ်ဘက်က စစ်ကူတွေ ရောက်လာတယ် ၊ မနေ့က ညပိုင်းအထိ ဖြစ်ကြတယ် ဒေသတွင်းအဖွဲ့တွေ ထိခိုက်သေဆုံးတာ များတယ် ၊ သေဆုံးသူ အရေအတွက်တော့ အခုထိ မသိရသေးဘူး” လို့ ချောင်းဦးမြိုခံတယောက်က ပြောပါတယ် ။
ချောင်းဦးမြိုနယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ပြောပြတာ
” ကင်မွန်းတော်မှာ ထိတွေ့မှုဖြစ်တယ် ၊ ပြည်သူ့စစ်ရွာကို သာလွန်အင်အားသုံးပြီး လာတိုက်တာဖြစ်တယ် ၊ လုံခြုံအဖွဲ့ဘက်က တဦး သေဆုံးပြီး လေးယောက် ဒဏ်ရာရတယ် ၊ဒီမနက် သိရတာကတော့ အနီးနား ပတ်၀န်းကျင် သတင်းတွေအရ တဖက်အဖွဲ့ေတွထိခိုက် သေဆုံးသူ အများအပြားရှိတယ် ၊ သေဆုံးသူ အရေအတွက်တော့ အခုထိ မသိရသေးဘူး ” လို့ပြောပါတယ် ။
ကင်မွန်းတော်ရွာခံ တယောက်က
” ဒီမနက် သိရတာကတော့ ဒေသတွင်း လက်နက်ကိုင်တွေဘက်က သေဆုံးသူ ၇၀ အထက်မှာရှိတယ် ၊အများအပြား သေဆုံးတယ် ၊ သွေးအိုင် သွေးကွက်တွေအရ သေဆုံးတာ များတယ် ၊ သူတို့က လူအင်အား သုံးထောင်ကျော်လောက်ရှိမယ် ၊ နောက်ပြီး ကင်မွန်းတော် ပြည်သူ့စစ်ရွာကို အဆိုင်းခွဲပြီးတော့ စစ်မျက်နှာ သုံး ဘက်ကနေ တိုက်ခိုက်တယ် ၊ ရှမ်းထူး ၊ တပယ်အင်း ၊ ကုလားကြီး ၊ တောင်ဖီလာ၊ ကြွယ်တက်ကုန်း ၊ စည်ပုဂံ စတဲ့ ရွာတွေဘက်နေ တိုက်တယ် ၊နောက်ပြီး မုံရွာ – မန္တလေး လမ်းပိုင်းက သစ်ပင်ကြီး တချို့ကိုလည်း ချိန်းဆောနဲ့ ခုတ်လှဲထားတယ် ၊ အချိန်မီ စစ်ကူတွေ မလာနိုင်အောင် လုပ်ထားတယ် ၊ မနေ့ ညကတော့ စစ်တပ်ဘက်က လက်နက်ကြီး ပစ်ကူတဲ့အပြင် လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တယ် ” လို့ ပြောပါတယ်။
အဲ့ဒီနောက် စက်တပ်လေးထီးအဖွဲ့က လိုက်လံရင်းလင်းတဲ့အခါ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ရုပ်အလောင်းတချို့ တွေ့ရတယ်လို့ သိရပါတယ်။
ချောင်းဦးဒေသမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေအားကောင်းပြီး မြောင်၊ မုံရွာ နဲ့ ချင်းတွင်းတဖက်ကမ်းက ဒေသတွင်းအင်အားစုတွေ ပြန့်ကျဲနေတဲ့ နေရာဖြစ်ပြီး ချောင်းဦးမုံရွာ လမ်းပိုင်းမှာ မကြာခဏ မိုင်းကွဲတာ တိုက်ပွဲဖြစ်တာတွေကြာင့် သတိထားသွားလာေနကြရပါတယ်။