ဆူးငှက်
ဆရာကြီးရွှေဥဒေါင်းကိုခရစ်နှစ် ၁၈၈၉ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့သောကြောင့် ၁၉၈၉ခုနှစ် အောက်တိုဘာ ၂၄ရက်နေ့တွင် အနှစ်၁၀၀ တင်းတင်း ပြည့်သည်။ ထို့ကြောင့် ဆရာကြီးရွှေဥဒေါင်း အနှစ် ၁၀၀ပြည့်ပွဲကိုဒေါ်ဒေါ်လူထုဒေါ်အမာဦးစီး၍ တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
လွန်ခဲ့သော၃၁ နှစ် ၁၉၈၉ ခုအောက်တိုဘာလ၂၄ရက်နေ့ကအမရပူရတောင်သမန် တောင်လေးလုံးကျောင်းတိုက်တွင်ဆရာကြီးရွှေဥဒေါင်း နှစ် (၁၀၀)ပြည့် အခမ်းအနားကျင်းပသောအခါအမှတ်မထင်အဖြစ်အပျက်တစ်ခုကိုလည်းသတိရလိုက်မိသည်။ဆရာကြီးရာပြည့်အခမ်းအနားမှာဆရာကြီးပုံအမှတ်တရပို့စကတ်ထုတ်ကြမည်။
ဆေးတံကြီးကိုက်ထားသောဆရာကြီးပုံကိုဆရာပေါ်ဦးသက်ထံစကက်(ချ်)အပ်မည်။ ထိုပုံကိုအဖြူအမည်း၂ရောင်ရိုက်မည့်ပို့စကတ်ထုတ်ဝေကြဖို့ဖြစ်သည်။
ထို့ကြောင့်ဒေါ်ဒေါ်ကဆရာကြီး၏ အဖြူအမည်းမူရင်းဓာတ်ပုံတစ်ပုံကို ကျွန်တော့်အားပေးသည်။ ဓာတ်ပုံကရှားရှားပါးပါးမူရင်းလေးမို့ ထိုဓာတ်ပုံကိုကော်ပီတစ်ပုံပွားပြီး ဆရာပေါ်ဦးသက်ထံပေးထားဖို့ဖြစ်သည်။
မူရင်းဓာတ်ပုံလေးကလည်းကောင်းလှချည့်၊ ရှေးကအဖြူအမည်းပုံမို့ Toneတွေကအသေးစိတ်သည်။ ပြေသည်၊ညက်သည်။ ဆရာကြီးမျက်နှာပေါ်ရှိအရေးအကြောင်းတွေက ဇရာနှင့်တည်ကြည်ရင့်ကျက်ခြင်းကိုအပီအပြင်ဖော်ပြနေ၏။
ဆေးတံကိုအံကြိတ်ကာကိုက်ထား၍မေးရိုးများ၏ တင်းမာမှုအရေးအကြောင်းတွေအထင်းသားပေါ်နေသည်။ ကြည့်စမ်းစာရေးဆရာများ အပလီအပလာတွေနှင့်တတ်နိုင်လိုက်တာ ၊ အခုကျွန်တော်ရေးသမျှဆရာကြီးဓာတ်ပုံနှင့်ပတ်သက်သည့်စာကြောင်းတိုင်းမှာ နောက်မှသာသိရှိ၍ရေးသားခြင်းဖြစ်၏။ အချိန်ကာလတွေလွဲချော်နေသည်။ အခုရေးပုံကထိုစဉ်ကပဲနားလည်တတ်ကျွမ်းသိရှိနေဟန်ညာဖြီးပုံက။
တကယ်တော့ဒေါ်ဒေါ်ပေးလိုက်သောမူရင်းအဖြူအမည်းဓာတ်ပုံလေးကို ကော်ပီပွားရန် ကျွန်တော်ကိုယ်တိုင်(ထိုစဉ်က) ဝတ်ရုံနက်ကြီးခြုံကာရိုက်ရသည့်ဓာတ်ပုံဆိုင်တစ်ဆိုင်သွားပြီး “၁၂၀မမ”ဂဲဘတ်ဖလင်နှင့်အကျအနကော်ပီကူးစေသည်။
ထို့နောက်ဖလင်ကိုချက်ချင်းဆေးခိုင်းပြီးပိုမိုကောင်းမွန်ရန်ခဲထိုးဆရာနှင့်အသေအချာခဲထိုးခိုင်းလိုက်လေတော့၏။(ထိုစဉ်ကဓာတ်ပုံများမှာအဖြူအမည်းဖလင်ချည်းမို့မျက်နှာသားချောမွေ့နုညက်သောပုံရရန်နဂ္ဂတစ်ဖလင်များကိုခဲထိုးကြရလေ့ရှိသည်)
ခဲထိုးပြီးနောက်ဆရာကြီးပုံကိုချက်ချင်းကူးခိုင်းလိုက်ရသည်။ ပိုမိုပီပြင်နက်မှောင်ရန်ပုံကိုညက်စေသောဒီပလိုပါ D 76 ဆေးပျော့ကိုမသုံးစေဘဲဆေးပြင်း D160 များကိုသုံးကာကူးစေသည်။ ပုံထွက်လာတော့ အလင်းအမှောင်အပီအပြင်ပြတ်သားချောမောလှပနေ၏။ ရှားတောင့်ရှားပါးတစ်သက်တစ်ခါသာကြုံရသည့် ဆရာကြီးရွှေဥဒေါင်းနှစ်၁၀၀ ပြည့်ပွဲမှာတစ်ထောင့်တစ်နေရာကစွမ်းဆောင်လိုက်ရခြင်းမို့ ဂုဏ်ယူဝံ့ကြွားစွာကော်ပီဓာတ်ပုံသွားယူပြီးဟိုးနန်းရှေ့ဓမ္မစကြာရိပ်သာအရှေ့ဘက်ရှိ ဆရာပေါ်ဦးသက်နေအိမ်သို့သွားရောက်ပေးပို့လိုက်လေသတည်း။ အိမ်မှာဆရာပေါ်ဦးသက်မရှိ။ လမ်းလျှောက်သွားနေသတဲ့။ ထို့ကြောင့်အိမ်ရှိအိမ်သားအဖော်မိန်းကလေးတစ်ဦးထံပေးခဲ့ပြီး တာဝန်ကြီးတစ်ရပ်ကျေပွန်စွာထမ်းဆောင်ခဲ့သလိုရင်ကော့ပြန်ခဲ့လေသည်။
တစ်ရက်၊နှစ်ရက်၊သုံးရက် ….
ဆရာပေါ်ဦးသက်ကဘယ်ဘက်လက်မှာတိုက်ပုံကလေးခေါက်တင်ကာဦးထုပ်ပျော့လေးတစ်လုံးဆောင်းပြီးစက်ဘီးတစ်စီးဖြင့် ဗဟိုမီးသတ်ကြီးအနားက ဓာတ်ပုံဆိုင်ကြီးသို့ကိုယ်တိုင်ရောက်လာသတဲ့။ မူရင်းပုံကိုလည်းဒေါ်ဒေါ့်ဆီကတကူးတကန့်ပြန်တောင်းခဲ့ရသတဲ့။ ကျွန်တော်ကူးပေးလိုက်သောဓာတ်ပုံမှာ စေတနာတွေပိုကာခဲတွေထိုး ၊ဆေးပြင်းတွေနှင့်ကူးထားတော့ မူရင်းဓာတ်ပုံကအရေးအကြောင်းတွေပျောက်ကုန်ကာ ဆရာကြီးရွှေဥဒေါင်းမှာ မင်းသားမောင်ဘတင့်လိုလို၊မောင်တင်မောင်လိုလို၊ ဇေယျကြီးလိုလိုဖြစ်ကာ(အခုခေတ်လိုဆိုရင် 360 ကင်မရာမျိုးနဲ့ရိုက်သလိုပေါ့) ဆရာပေါ်ဦးသက်မှာစကက်ချ်တွေကောက်ရတာအဆင်မပြေသောကြောင့် ဆရာကိုယ်တိုင်ဒေါ်ဒေါ့်ဆီမူရင်းပုံ ပြန်တောင်းကာ ဆရာကိုယ်တိုင်စက်ဘီးလေးတစ်စီးဖြင့် ဓာတ်ပုံဆိုင်မှာကော်ပီပြန်ကူးရခြင်းဖြစ်ပါသတဲ့။ ဆရာကြီးနှစ် (၁၀၀) ပြည့်ချိန်မှာပဲကိုယ်ပါဝင်ဆင်နွှဲခွင့်ရသောသဲတစ်ပွင့်မျှအစိတ်အပိုင်းကပင်လျှင်အလွဲလွဲအချော်ချော်။
ဆရာကြီးရွှေဥဒေါင်း နှစ်(၁၀၀) ပြည့်ပွဲနှင့် ကျွန်တော့်အတွက် နောက်ထပ် အမှတ်တရတစ်ခုလည်းရှိပါသေး၏။ တကယ့် ဆရာကြီးသမားကြီးများအလယ်တွင် မျက်ကန်းတေစ္လ္ဌ္ဌ္ဂမကြောက် ပထမဦးဆုံးအတွေ့အကြုံအဖြစ် ကဗျာတစ်ပုဒ်တက်ဖတ်ခြင်းဖြစ်သည်။
ဒေါ်ဒေါ် လူထုဒေါ်အမာအပါအဝင် ဝါရင့်ဆရာဆရာမများကဆရာကြီးနှင့်ပတ်သက်သောစာတမ်းတွေဖတ်ကြဖို့ပြင်ဆင်ကြတော့ ကျွန်တော်ကလည်းကိုယ်တိုင်ရေးကဗျာရှည် တစ်ပုဒ်ဖတ်ဖို့မတန်မရာ ကြံစည်သည်။ အစ်ကိုလို ဖြစ်နေသောဆရာညီပုလေး၊ ဆရာသိုက်ထွန်းသက်တို့က ကျွန်တော်မတတ်တတတ် ရေးလာသောကဗျာရှည်ကြီးကိုဖတ်ပြီး ““ဒေါ်ဒေါ့် (အမေလူထုဒေါ်အမာ)ကိုတော့ ပြလိုက်ဦး၊ ဒေါ်ဒေါ်ဖတ်ကြည့်ပြီးရင် ပွဲမှာဖတ်ကြတာပေါ့”” ဟုအားပေးသည်။ ဒေါ်ဒေါ်ကယူဖတ်သည်။ ထို့နောက် ဒေါ်ဒေါ်ကခွင့်ပြုသည်။ နောက်ရက်အခမ်းအနားမှာဒေါ်ဒေါ်၏ အမှတ်တရစကား၊ ဆရာကြည်အောင်၏ “သစ္စာရှာဖို့ ငါမြင်းစီးမယ်” စသောဧရာမစာတမ်းကြီးတွေ၊ ကဗျာတွေ၊ ဟောပြောချက်တွေအပြီး ကျွန်တော့ကဗျာကိုကိုယ်တိုင်ဖတ်သည်။ ကဗျာဖတ်ဖို့ ဇရပ်ထိပ်ထိပ် သွားတော့ ကိုသိုက်ထွန်းသက်က ကျွန်တော့လက်မောင်းကိုကိုင်ပြီးလိုက်ပို့သည်။ “မကြောက်နဲ့ အသံကိုထိန်းပြီး ဖြည်းဖြည်းနဲ့မှန်မှန်ဖတ်” ဟုအားပေးသည်။ ပြီးတော့ ကျွန်တော့ဘေးမလှမ်းမကမ်းမှာ ဝင်ထိုင်ပေးသည်။ ကိုညီပုလေးကတော့ကျွန်တော့လက်ထဲကကင်မရာကိုယူပြီး ကျွန်တော်ကဗျာဖတ်သည်ကိုသေသေချာချာမှတ်တမ်းတင်ဓာတ်ပုံရိုက်ပေးသည်။ ယခုပြန်လှန်စဉ်းစားလိုက်တော့ ရေးဖော်ညီငယ်တစ်ယောက်ကို ဝိုင်းဝန်းအားပေးစောင့်ရှောက်ကြခြင်းမှာမျက်ရည်လည်မတတ်လွမ်းဆွတ်စရာတွေဖြစ်သည်။
“ …………………………….
ကမ္ဘာမှာလည်း
နှိုင်းယှဉ်ပြရရင် …
အင်ဂရီးမော်ရွိုင်းက “ရှယ်လီ”
ဂေါ်ကီကတော်စတွိုင်းနဲ့ချက်ကော့
ဂျက်လန်ဒန်ကိုတော့ အိုင်ဗင်စတုန်းကရေးခဲ့ဖူးပေမဲ့
ရူးဆိုးရဲ့ ဖြောင့်ချက်ကျမ်းထဲမှာ
“အတ္ထုပ္ပတ္တိစာပေဟာအမှန်မဟုတ်ဘူး” ဆိုပဲ၊
ဒီတော့
ဦးဖေသိန်းရဲ့ ရွှေဥဒေါင်း
ရွှေဥဒေါင်းရဲ့ဘဝတစ်သက်တာ
ဒီ (၂)အုပ်မှာကွဲလွဲတာတွေရှာကြည့်တော့
ကြက်သီးဖျန်းဖျန်းထမိသတဲ့။
…………………………………….
……………………………………
ကနဦးအစမှာတော့ကျွန်တော့အသံတွေတုန်ရင်နေမှာသေချာသည်။ နောက်တော့အရှိန်ရသွားတော့အသံတုန်ရီမှုကိုထိန်းနိုင်သည်။ အနိမ့်အမြင့်၊အတက်အကျတွေကိုခပ်ပါးပါးဖော်နိုင်သည်။ သေချာတာတစ်ခုကကျွန်တော့ကဗျာကပရိသတ်အားလုံးကိုတော့ဆွဲဆောင်သိမ်းသွင်းနိုင်မှုမရှိခြင်းဖြစ်သည်။နောက်နားကပရိသတ်တွေကလှုပ်လှုပ်ရွရွ၊အချင်းချင်းကိုယ့်ကိစ္စကိုယ်တီးတိုးပြောဆိုနေကြသည်။ ရှေ့နားကတချို့ကလည်းခေါင်းငုံ့ငြိမ်သက်နေငြားစိတ်ပျက်နေကြသည့်အမူအရာတစ်စွန်းတစ်စတွေ့နေရ၏။ မတတ်နိုင် …။ဆက်ဖတ်ရုံပေါ့။
ဟော ….
အခု၊
(၂၄.၁၀.၈၉) မှာ
ဆရာကြီးရွှေဥဒေါင်း …၊အနှစ်၁၀၀ ပြည့်ပြီတဲ့။
၁၈၈၉မှာမွေး
မောင်ဖေသိန်းကလေး၊အနှစ်၁၀၀ ပြည့်ပြီတဲ့၊
ကဲဗျာ ….
မယုံနိုင်စရာ၊
စုံထောက်မောင်စံရှားကို
မနေ့ကပဲ၊လမ်း၄၀ကသူ့တိုက်ခန်းမှာ
တွေ့ခဲ့သေးတာပဲ။
ဟုတ်တယ်လေ ….၊
အိပ်ရာဘေးကစာအုပ်သေတ်္တာလေးဖွင့်သံကြားတော့
“ဆူးငှက်လားဟေ့၊ဝင်ခဲ့လေကွယ်”တဲ့။
စောစောကပဲ
ကိုသိန်းမောင်နဲ့နှစ်ယောက်ဒေါက်ကပ်ကြီးနဲ့
ဘရုတ်ကင်းလမ်းမှာ မြင်လိုက်ရသေးတာပဲ။
ဘုရားလမ်းဘူတာက၊အင်းစိန်လော်ကယ်ပေါ်မှာ
ဆေးတံကြီးတဖွာဖွာနဲ့လိုက်ပါသွားသေးတာပဲ။
ဦးပြားတောရအနီး၊ဘောင်ဒရီလမ်းက “ကိုဇီးဗီလာ”မှာ
မြင်းလှည်းဘီးရာတွေကို မှန်ဘီလူးတစ်လက်နဲ့
စူးစမ်းတွက်ချက်နေတာ၊တွေ့ခဲ့သေးတာပဲ ….”
ဘာပဲပြောပြော၊ကဗျာကိုဆုံးအောင်အတိမ်းအစောင်းမရှိဖတ်နိုင်ခဲ့သည်။ ဒါကကျွန်တော်အနေနှင့်ပရိသတ်များရှေ့မှာပထမဦးဆုံးပွဲထွက်ခဲ့ဖူးခြင်းဖြစ်သည်။ ဆရာကြီးရွှေဥဒေါင်းက “ဦးစံရှားနှင့်ကိုဇော်ဟိတ်သာအဖော်လုပ်သွားရရင် ကျွန်တော်တို့လည်း ကမ္ဘာကြီးအစွန်အဖျားသို့သွားရစေကာမူ ကြောက်ရွံ့ခြင်းမရှိ”ဟုဆိုခဲ့သလို ကျွန်တော်ကလည်း ဆရာကြီးရွှေဥဒေါင်းနှင့်ပတ်သက်သည့်ကဗျာမို့ သတ္တိတွေဝင်ကာ ရှောရှောရှူရှူဖြစ်သွားပုံရသည်။
အခုလို၃၆နှစ်နီးပါးအကြာ ပြန်လှန်တွေးကြည့်တော့ ဝါသနာရှင် လူငယ်တယောက်ကိုမြေတောင်မြှောက်ပေးသည့် ဒေါ်ဒေါ်လူထုဒေါ်အမာ၏ စေတနာကိုလည်းနားလည်မိတော့သည်။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ဆရာကြီးရွှေဥဒေါင်း