ဆူးငှက်
ကိုဗစ်ကာလ အရှိန်မသေနိုင်သေးတော့ ဒီနှစ် ဘုရားပွဲရာသီက တိတ်ဆိတ်ငြိမ်သက် ခြောက်ကပ်ကာ ပြီးဆုံးသွားတော့မည်။ ကံကောင်းပါမှ လာမည့်သင်္ကြန်ကို ဆင်နွှဲနိုင်ကြပေမည်။ မတတ်နိုင်။ ပြီးခဲ့သည့် နှစ်တွေက ဘုရားပွဲရာသီမှာ ပွဲလမ်းတခြိမ့်ခြိမ့်နှင့် ထုံးစံအတိုင်း ကျင်းပကြတော့ လူမှန်းသိတတ်ကတည်းက ဖြစ်မြဲကိစ္စမို့ မသိလိုက် မသိဖာသာ ကျော်ဖြတ်သွား၏။ ဟော.. ဒီနှစ် မကျင်းပဖြစ်ဘူးဆိုမှ ပွဲဈေးတန်း လမ်းလျှောက်ချင်သလိုလို၊ မုန့်သိုင်းခြုံစားချင်သလိုလို။ ကရေကရာဝယ်ချင်သလိုလို။ ချွေတာရေးမုန့် သတိရသလိုလို၊ အငြိမ့် ကြည့်ချင်သလိုလို၊ ခြင်းဝိုင်းမော့ချင်သလိုလို ချဉ်ခြင်းတပ်နေသည်။ ဘယ့်နှယ် ထူးထူးခြားခြား ငယ်စဉ် ကလေးဘဝက ကြည့်ခဲ့ဖူးသော ရုပ်သေးပွဲကို သတိရနေပြန်၏။ ရှေးရုပ်သေးသီချင်းတစ်ပုဒ်ထဲကလို “မူရာကို ပူတာ သူလာလို့ ဆွတာကြောင့်” ဟု ပြောရမလိုဖြစ်သည်။ သြော်… နှစ်၅၀လောက်ရှိရောပေါ့။
××××× ×××××
ကျွန်တော့် အသက်အရွယ်တန်းမှာကိုပဲ ရုပ်သေးကို ကောင်းကောင်း မမှတ်မိတော့…၊ သကျသီဟ ဘုရားပွဲမှာ…၊ ဝါးတန်းကထိန်မှာ ရုပ်သေးပွဲ ကြည့်ဖူးတဲ့ ပုံရိပ်တွေက ခပ်ဝါးဝါး…၊ သကျသီဟဘုရားပွဲမှာက.. အခုဗန္ဓုလ ဓမ္မာရုံကြီးနား စနေထောင့်မှာ ရုပ်သေးစင်အမြဲပါသည်။ သကျသီဟမှာ ကြည့်ရသည့် ရုပ်သေးပွဲကတော့ ပထမပိုင်း ဟိမဝန္တာခန်း လောက်ပဲဖြစ်မှာပေါ့။ ဟိမဝန္တာခန်းကြည့်အပြီး…ဘုရားကို တစ် ပတ်ပတ်၊ အငြိမ့်များကို ငေးမောပြီး ရုပ်သေးစင်ဆီ ပြန်ရောက်သော အခါ ပြဇာတ်ထွက်နေပြီဖြစ်၏။ ရုပ်သေးပြဇာတ်မင်းသားက ဘောင်းဘီရှည်ဝတ်…၊ ဖော့ဦးထုပ်ဆောင်းကာ သေနတ်ခါးကြားထိုးထားသည်။ ရုပ်သေးမင်းသမီးက ဘဲလ်လက်အင်္ကျီနှင့် ဆံထုံးနှင့်…။ ပြဇာတ်မင်းသားသည် သေနတ်တဒိုင်းဒိုင်း ဖောက်ကာ မင်းသမီးကို ဂျစ်ကားပေါ်တင်ပြီး မောင်းပြေးသွား၏။ ကျွန်တော်တို့သည် ခဏတစ်ဖြုတ် ရပ်ကြည့်ပြီး ပြန်လာကြသည်။
ဝါးတန်းကထိန်မှာ ကြည့်ရသည့် ရုပ်သေးက ၂၉လမ်းနှင့် ၈၅ လမ်းထောင့်မှာ ဖြစ်သည်။ အိမ်နှင့် မလှမ်းမကမ်းမို့ ”ဒီနေ့ည ရုပ်သေးကို အပြီးထိကြည့်မှာ”ဟု အမေ့ကို ပူဆာထား၍ အမေက အင်္ကျီ အထပ်ထပ်ဝတ်…၊ တဘက် ခေါင်းပေါင်းပြီး လိုက်ပို့သည်။ တန်ဆောင်မုန်း၏ အအေးဓာတ်က အစွမ်းပြသည့် ညများလည်းဖြစ်ချေ၏။ ကျွန်တော်က မြင်းထွက်၊ ဘီလူးထွက်၊ မျောက်ထွက်သည့် ဟိမဝန္တာခန်းကို သဘောကျနေသည်။ ရုပ်သေးပွဲမှာ တီးနေသည့် ဆိုင်းကလည်း အိမ်နားက ရွာစားစိန်ဘကျွဲဆိုင်း…။
ဆိုင်းက လင်းကွင်းကြီးခြမ်းခနဲ ခြမ်းခနဲ တီး…။ မောင်းကြီးတဒူဒူနှင့် ပတ်မကြီး တထီထီကိုပင် အထူးအဆန်း အံ့အားသင့်နေသည်။ ပြဇာတ်လည်းပါ၏။ သို့သော် မမှတ်မိ…။ နှစ်ပါးသွား စခန်းချနှင့် မြိုင်ထကို သဘောကျသည်။ ပြီးတော့ နောက်ပိုင်းဇာတ်ထုပ်ကြီး…။ ရုပ်သေးမင်းသား ရုပ်လေးက သျှောင်တစ်စောင်းထုံးပြီး ထွက်လာတာ။ အပူတိုက်မှာ ဆံပင်ကိုဖြန့်ပြီး ခေါင်းလေးစောင်းကာ စောင်းကာ ငိုချင်းချတာ…၊ ဒါပဲ မှတ်မိပါ၏။ ဘာဇာတ်တော်ကြီးလည်းမသိ…။
အမေက ကျွန်တော့်ကို ရင်ခွင်ထဲထည့် တဘက်ထူကြီးဖြင့် ပွေ့ပိုက်ထားကာ ရုပ်သေးမပြီးမချင်း ပြခဲ့ဖူးပါသည်။ ကျွန်တော် ရုပ်သေးပွဲကြည့်ဖူးတာ ဒါပဲဖြစ်ပါသည်။ နောက်ပိုင်းတွင် ရုပ်သေးသဘင် ကွယ်ပျောက်တာ…၊ ရုပ်သေးနှင့် ပတ်သက်ပြီး ပြောကြ ဆိုကြ ရေးကြ သားကြတာတွေကိုတော့ ကျွန်တော် ကျောင်ပြီး ဘွဲ့ရ စာလေး မတောက်တခေါက် ရေးသားပါမှ တခုတ်တရ ဖတ်မှတ် ရသည်။ ထိုစဉ်ကာလ ”မြန်မာ့ရုပ်သေးကို ပြတိုက်ထဲပို့ထားသင့်ပြီ’ဆိုသည့် အဆိုအပေါ် အပြန်အလှန် ရေးသားမှုများကလည်း မြန်မာ့ရုပ်သေး စာမျက်နှာတွင် ဂယက်ထခဲ့သေးသည်။ ထိုကဲ့သို့ ဂယက်ထသည့် ကာလမှာပဲ ရုပ်သေးနှင့် ပတ်သက်၍ ရင်ထဲနင့်နေအောင် ခံစားရသော အတွေ့အကြုံ တစ်ခု ရခဲ့သည်ကလည်း အမှတ်တရ ရှိခဲ့သည်။
××××× ×××××
ဟုတ်သည်။ ၁၉၈၄ ခုနှစ်လောက်က ဖြစ်မှာပေါ့။ နေရာက မြောက်ပြင် ၁၁ လမ်းက အိမ်ကလေး တစ်အိမ်မှာ …။
သည်အိမ်လေးမှာ ကျွန်တော်တို့သည် ရုပ်သေးဆရာကြီးတစ်ဦးကို ချိန်းဆိုတွေ့ဆုံခဲ့ကြပါသည်။ အထူးသဖြင့် ရုပ်သေးဆရာကြီးဆီက ရုပ်သေး အကများနှင့်ပတ်သက်၍ သိလိုကြခြင်းဖြစ်၏။ အရုပ်ကြိုးက … အရုပ်ကြိုးက … ဆိုပြီး ခါးကြီးတွေကုန်း ခေါင်းတဆတ်ဆတ်တုန်၊ လက်ကြီးကားကာ အဘွားကြီးခါးကုန်းထွက်လာပုံလို ကယနေကြမှုအပေါ် ခိုးလိုးခုလု ဖြစ်နေသဖြင့် အရုပ်အကများအကြောင်း မေးကြခြင်းဖြစ်သည်။ စာရေးဆရာ ဇော်ပုလဲ၊ စာရေးဆရာမြသောင်း၊ အကနည်းပြ ခင်ဝင်းနွယ်နှင့် ကျွန်တော်တို့ဖြစ်ပါသည်။
ရုပ်သေးဆရာကြီးက ရုပ်သေးအကအကြောင်း မပြောမီ ရုပ်သေး သီချင်းများအကြောင်း ပြောပြသည်။ ရုပ်သေးမှာ ဆိုသည့်အသံနှင့် စည်းဝါးကိုရှင်းပြသည်။ မြိုင်ထချင်းအတူတူပင် … ဇာတ်မင်းသားဆိုသည့်ဟန်၊ ရုပ်သေးမင်းသားဆိုသည့် ဟန်ကို ခွဲခြားပြသည်။ လူကိုယ်တိုင် သီဆိုကခုန်သဖြင့် သွက်ရမည့်စည်း …။ လူက ဆို၊ အရုပ်က ကရသဖြင့် လေးရ၊ ဖြတ်ရ၊ တောက်ရမည့် စည်းများကို အသံနေအသံထားနှင့်သီဆိုပြ၏။ မှတ်သားဖွယ်ရာချည်း ဖြစ်ပါသည်။
လူကအရုပ်ကိုတုကတာ ….။ ဒါကိုတော့ သြဘာသောင်း၏ လက်ရင်းတပည့် ခင်ဝင်းနွယ်က ရှင်းပြသည်။ ပေါက်ပေါက်တန်း ဦးထွန်းရဆီမှာ သြဘာသောင်း အကသင်ပုံ …၊ အရုပ်ကို တု၍ အရုပ်ဟန်ယူကာ ကပုံတွေ အကြောင်း …။ အရုပ်က လူကိုတု ကတာကိုလည်း ရုပ်သေးဆရာကြီးက ရှင်းပြသည်။ လက်အချိုး၊ လက်အပစ်၊ မေးအဆတ်၊ ခြေအထိုး ….။
ဒီဆွေးနွေးချက်တွေကို တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့်တစ်ယောက် သရုပ်ပြနိုင်လျှင် ပိုကောင်းမှာပေါ့။ ရုပ်သေးဆရာကြီးက မင်းသမီး ရုပ်ကလေး ကြိုးဆွဲ၊ အကဆရာမက အရုပ်လေးလိုက။ အကဆရာမက မင်းသမီးက က၊ မင်းသမီးကကို ရုပ်သေးဟန်နှင့် တုပကပြ။ သည်လို စဉ်းစားမိကြတာ တကယ့်အဖိုးတန်ရတနာ ဖြစ်သွားနိုင်ပါသည်။ သို့သော်။ ရုပ်သေးဆရာကြီးသည် ဆက်တီကုလားထိုင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချ လိုက်ပြီး ခေါင်းငိုက်စိုက်ကျသွား၏။ ”ကျွန်တော့်မှာ ကိုယ်ပိုင်မင်းသမီးရုပ်ကလေး ရှိခဲ့ဖူးသဗျ။ ကျွန်တော့် ဆရာ ရွှေဘိုတင်မောင်ရုပ်သေးထဲမှာ ကတည်းက အဲဒီ မင်းသမီးရုပ်ကလေးသာ ကျွန်တော့်လက်စွဲပါ။ ကျွန်တော့်အသက်ပါ။ ရုပ်သေးတွေ ပျက်သွားတော့လည်း ဒီအရုပ်ကလေးကို ထန်းခေါက် ဖာကလေးထဲထည့်ပြီး တယုတယသိမ်းဆည်း ခဲ့ရတာပါဗျာ …။ အချိန်ရတိုင်း ကျွန်တော့်မင်းသမီးရုပ်ကလေးကို ထုတ်ထုတ်ပြီး ကြိုးတွေရှင်း…၊ ဖုန်တွေသုတ် …၊ ကကြိုးတစ်ပိုဒ်လောက်လေး ပါးစပ်ဆိုင်းလေးနဲ့ ကလိုက်ရမှ စားဝင်အိပ်ပျော်တာပါ။ အဲဒီအချိန်က ရုပ်သေးဆိုတာ နာမည်သာကြားဖူးပြီး မြင်ခွင့်တွေ့ခွင့်လည်း မရ ….။ ရုပ်သေးသမားတွေလည်း အကုန်ဇာတ်မြုပ်ကုန်ပြီ။ အားလုံးကလည်း ပစ်ပယ် မေ့လျော့နေကြတဲ့ အချိန်ပေါ့ဗျာ …။ အဲ…မင်းသမီး ရုပ်လေးထုတ် …ကြိုးလေးရှင်း …၊ ခြေလှုပ် လက်လှုပ်ကရင်ပဲ ဘေးဘီငဲ့ကြည့်ပြီး လူမမြင်မှ ကြိုးဆွဲ ရဲတာ …။ ရုပ်သေးကို မေ့လျော့ အရာမသွင်းတော့တဲ့ အချိန်ကိုး…။ ဟော … ဒီတင် မင်းသားမောင်သိန်းဇော်က … ‘ပန်းသလားမေပျို’ ဆိုတဲ့ ပြဇာတ်ကတော့ ရုပ်သေးက ဇာတ်လိုက်ပြန်ဖြစ်လာ ပြန်ပြီလေ။ ဒီတင် ကျုပ်လည်း မောင်သိန်းဇော်ဇာတ်ထဲက ပြဇာတ်မှာ ကျုပ် မင်းသမီးရုပ်လေးနဲ့ တစ်ချီ တစ်ပိုဒ် ကပေးရပါတယ်။
ကျွန်တော်တို့လည်း ဘာမျှမပြောနိုင်ဘဲ ငိုင်ကျသွားလေတော့၏။ မတတ်နိုင်…။ စိတ်မကောင်းကြရုံလွဲ၍ ဘာမျှမတတ်နိုင်…။ ထိုအခါ ရုပ်သေးဆရာကြီးသည် ဗြုန်းခနဲ မတ်တပ်ရပ်လိုက်ပြီး… ” ကဲ…အရုပ်မရှိလည်း ကျုပ်ရှိနေတာပဲဗျာ…၊ ကျုပ်ကိုယ်တိုင် အရုပ်လိုကပြမယ်…”ဟုဆိုကာ အပေါ်မှာ ဝတ်ထားသော တိုက်ပုံကိုချွတ် …၊ ပေါင်းထားသော ခေါင်းပေါင်းကို ဖြုတ်၊ ပုဆိုးကိုပြင်ဝတ်လိုက်သည်။ ထို့နောက် လက်ကလေးကို မြှောက်တဲ့ပြီး… ”သဘောမှတ်ကြစေဖို့ ကျောတတ်ပါတဲ့ ရစ်ရွှေရောင်ရယ်…ရစ်ရွှေရောင်ရယ် … မူရာကို ပူတာ သူလာလို့ ဆွတာကြောင့် သူနာကတော်ကြောင်ပါတဲ့ ကိုဇာကြောင်ပါတဲ့ကို ကျွန်မကို ရှင်ပူလေအောင်လို့ ပျိုသန့် မယားကို ရှင်ပူလေအောင်လို့ သခင်ရွှေရောင် အပေါ်ယံကျောရယ်၊ ကျောရယ် သခင်ရွှေရောင် အပေါ်ယံကျောရယ်၊ ကျောရယ်၊ နားလှည့်လို့ ပြောခဲ့တာကြောင့် မှားခဲ့ပါပြီကော။ မမသန့်နော်ရှင်၊ ချိုချိုသာသာ သုံးလိုက်ပါတော့၊ အစ်ကိုခါခါမမုန်းလိုက်ပါနှင့်လင်ရယ် ခင်ရယ် လင်ရယ် ခင်တွယ်၊ ပျိုမယ် ဇနီးဝယ် အဆို တကယ်မှီးတယ်၊ ကိုကြွယ်ကြီးရယ် ကြင်ပါကွယ်…” ဆိုတဲ့ ရုပ်သေးမင်းသမီးသီချင်းကို အသံနေအသံထားနှင့် သီဆိုလိုက်သည်။ ထိုအခါ ကျွန်တော်တို့က အားလုံး အံအားသင့်သွားကြ၏။ ထို့နောက် ရုပ်သေးမင်းသမီးလေးလို ခါးလေးညွှတ်၊ ခေါင်းလေးမော့ကာ ပါးစပ်ဆိုင်းနှင့် ကျကျနနကပြပါတော့သည်။ အကပိုဒ်တွေမှာဟောဒါက ဒူးကြိုးဆွဲသဗျ။ ဒါက တံတောင်ကြိုးဆွဲသဗျ စသည်ဖြင့် ရှင်းပြ၏။ ကျွန်တော်တို့သည် ထိုင်နေသော ဆက်တီခုံများမှ မတိုင်ပင်ရဘဲ ကြမ်းပေါ်ဆင်းထိုင်ပြီး ပါးစပ်ဆိုင်းချက်မှာ လက်ခုပ်တီးနေမိသည်။ ရင်ထဲမှာ ဆို့တက်လာပြီး မျက်ရည်တွေဝိုင်းလာမိပါသည်။
အသက် ၆ဝ ကျော်အရွယ် အဘိုးကြီးတစ်ဦးက ပါးစပ်ဆိုင်းဖြင့် ဆိုလိုက်၊ ပြောလိုက်၊ ကပြလိုက်နှင့် ပတ်ဝန်းကျင်ကို မေ့လျော့ပြီး သူ့အနုပညာအပေါ် စိတ်ပါလက်ပါ တန်ဖိုးထားနေမှုအပေါ် ကျွန်တော်တို့သည် ဝမ်းနည်းဝမ်းသာ ဖြစ်နေကြသူချည်းဖြစ်ပါသည်။ ရုပ်သေးဆရာကြီးက ရုပ်သေးမင်းသမီးရုပ်လေးလို ကပြနေတော့ အကဆရာမလေး ကလည်း လူက အရုပ်ကို တုပကပုံ အရုပ်ကြိုးအကဖြင့် ပါးစပ်ဆိုင်းချက်မှာ ဝင်ကပြသည်။ ထို့နောက် အကဆရာမလေးက တေးထပ်တစ်ပုဒ်ဖြင့် မင်းသမီးအကကို အဆစ်အကျိုးကျအောင် ကပြသည်။ သည်တေးထပ်ကိုပဲ ရုပ်သေးဆရာကြီးက အရုပ်လေးလို အကျအန ကပြသည်…။ အနုပညာ တွေ တောက်စား ခဲ့ကြပုံများ…
သြော်…ရှားပါးစွာ ကြုံဆုံကြရပြီး မထင်မှတ်ဘဲ အဖိုးတန်စကားတွေ၊ အတွေ့အကြုံတွေ အဆိုအပြော… အကအပြတွေ ပြောဆိုကပြနေကြမှုအပေါ် ကျွန်တော်တို့သည် တစ်စုံတစ်ရာ မှတ်တမ်းမတင်လိုက်နိုင်မိ…။ မှတ်တမ်းတင်ရန် ကင်မရာတစ်လုံး၊ ကက်ဆက်တစ်လုံးသည် ကျွန်တော်တို့မှာ မရှိ။ ရှိအောင်လည်း မစီစဉ်နိုင်ခဲ့။ အခုတော့ ရုပ်သေးပညာရှင်ကြီး ဦးပန်းအေးလည်း မရှိတော့။
ရုပ်သေးသဘင်ကိုတော့ မန္တလေးရုပ်စုံဟူသော အမည်ဖြင့် ဆရာမကြီးဒေါ်မမနိုင် က ဦးစီးကာ အခက်အခဲ အမျိုးမျိုးကြားမှ တည်ထောင် ထိန်းသိမ်း ကပြ မှတ်တမ်းတင်နေတာ နှစ်၃၀ ရှိချေပြီ။ တော်ပါသေး..၊ နို့မို့..။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #မူရာကိုပူတာသူလာလို့ ဆွတာကြောင့်