ဧည့်လာနည်းသွားတဲ့ ချောင်းသာကမ်းခြေ အနည်းငယ်ပြန်လည်စည်ကားလာ

Ms (VOM)
မတ်၁၂၊၂၀၂၅
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက စစ်ရေးသတင်းတွေကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု မရှိသလောက်နည်းပါးသွားတဲ့ ချောင်းသာကမ်းခြေမှာယခုလကစတင်ပြီး အနည်းငယ်ပြန်လည်စည်ကားလာနေကြောင်း ဒေသခံများထံကသိရပါတယ်။
နှစ်စဉ်ပွင့်လင်းရာသီကာလမှာ ဧည့်သည်ဝင်ရောက်မှာအများဆုံးဖြစ်ခဲ့တဲ့ချောင်းသာကမ်းခြေမှာ ပြီးခဲ့တဲ့ဇန်နဝါရီ၂၁ရက်ကနေ ဖေဖော်ဝါရီလကုန်အထိ ခရီးသွားဧည့်သည် မရှိသလောက်ပြတ်လပ်ခဲ့တယ်လို့ဆိုပါတယ်။
” အခုတော့ဧည့်သည်တွေပြန်ဝင်လာနေပါပြီ ။လက်ရှိတပေါင်းပွဲတော်ကာလ ပိတ်ရက်ရှည်အတွက်ဟိုတယ်၊ဘိုကင်ကြိုယူတာတွေလည်းရှိနေပါတယ်။ကမ်းခြေကအရင်ကလောက်အထိတော့ဧည့်သည်မများသေးပေမယ့် ပုံမှန်လာလည်တာတွေ အပန်းဖြေနေတာတွေတော့ရှိနေပါတယ်။ဧည့်သည်တွေပိုလာအောင်လည်း ဟိုတယ်နဲ့စားသောက်ဆိုင်တွေတချို့က ဈေးလျော့ပေးတာ၊discountပေးတဲ့ ပရိုမိုးရှင်းတွေ လုပ်တာတွေလည်းရှိနေတယ်။အရင်အချိန်ကဆို ချောင်းသာလိုနေရာက အခုလိုပရိုမိုးရှင်းတောင်လုပ်စရာမလိုပဲ စည်ကားခဲ့တာပါ”လို့ လတ်တလောချောင်းသာကမ်းခြေရဲ့ဧည့်ဝင်ရောက်မှုအခြေအနေနဲ့ပတ်သက်ပြီးဒေသခံတယောက်ကပြောပါတယ်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်က ချောင်းသာနဲ့ရွှေသောင်ယံကမ်းခြေများအနီးမှာ ရှိတဲ့မကျီးဇင်နဲ့ဘောမိကျေးရွာတွေမှာ ပြီးခဲ့တဲ့ဇန်နဝါရီ၉ရက်ကAAနဲ့နစကတပ်တွေတိုက်ပွဲများဖြစ်ပွားခဲ့ကာ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိခဲ့တာကြောင့် ကမ်းခြေအနီးကကျေးရွာတွေစစ်ဘေးရှောင်ခဲ့ကြသလို ချောင်းသာကမ်းခြေကဟိုတယ်နဲ့တည်းခိုခန်းများပိတ်ထားခဲ့ရတဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့ မကျီးဇင်နဲ့ဘောမိကျေးရွာတွေကလွဲပြီး ကျန်ရှိတဲ့အနီးနားကျေးရွာတွေဖြစ်တဲ့ရွှေသောင်ယံ၊ အုန်းချောင်း၊ ၀က်သေ၊ သဘော့ကန် စတဲ့ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင်များလည်း နေရပ်ကိုပြန်လည်ဝင်ရောက်နေထိုင်ကြသလို ချောင်းသာကမ်းခြေက စီးပွားရေးလုပ်ငန်းတွေလည်းပြန်လည် လည်ပတ်လုပ်ကိုင်နေကြပြီလို့ဆိုပါတယ်။
” ချောင်းသာပြန်သွားလို့ရပြီလားလို့ လမ်းခရီးအခြေအနေစုံစမ်းကြည့်တာ။စစ်ဆေးတာတော့ရှိပေမယ့်သွားလို့ရနေပြီလို့ပြောတယ်။ ချောင်းသာလမ်းပိုင်းကို ပြန်ချဲ့နေတာတွေလည်းအခုလုပ်နေတယ်လို့ ဟိုကပြန်လာသူတွေကပြောပါတယ်လို့ အားလပ်ရက်ရုံပိတ်ရက်မှာ ကမ်းခြေကိုခရီးထွက်ရန်စီစဉ်ထားသူတယောက်ကပြောပါတယ်။
ယခုမတ်လဆန်းပိုင်းကစတင်ကာ ချောင်းသာကမ်းခြေကို ခရီးသွားဧည့်သည်အရေအတွက် တစ်ရက်ကို ၁၀၀ခန့်သာဝင်ရောက်တာရှိနေပြီးအားလပ်ရက်ရုံးပိတ်ရက်တွေမှာ ဧည့်သည်ဝင်ရောက်တာပိုများလာဖို့မျှော်လင့်နေကြောင်း ဒေသခံစီးပွားရေးလုပ်ကိုင်နေသူတွေထံကသိရပါတယ်။
Photo- May Su

Related posts

Leave a Comment

VOM News

FREE
VIEW