ရွှေစာရံဘုးရားပွဲတော်ကိုလာတဲ့ ဘုရားဖူးကား အပြန်မှာ ကားမှောက်လို့ လူ ခြောက်ယောက်သေဆုံး

မန္တလေး၊ မတ်- ၁၆ – ၂၀၂၅
SA(VOM)
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာကနေ၊ ရွှေစာရံစေတီတော်ဘုးရားပွဲကို လာရောက်လည်ပတ်တဲ့ Double cup 4WD အမျိုးအစား ဘုရားဖူးကားတစီးဟာ မနေ့ မတ်လ ၁၅ ရက်နေ့ညနေပိုင်းက ဘုရားပွဲကအပြန် စဥ့်ကိုင်မြို့နယ်၊ စိုက်ပျိုး ရေးကျေးရွာအနီးမှာ ယာဥ်တိမ်းမှောက်ပြီး လူခြောက်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ မနေ့ မတ်လ ၁၅ ရက်နေ့ညနေပိုင်းအချိန် ရွှေစာရံစေတီတော် ဘုရားပွဲတော်ကနေ ပြင်ဦးလွင်ကို ပြန်တဲ့အချိန် လမ်းမှားပြီး ရွှေစာရံ – ကျောက်ဆည် လမ်းပေါ်ကို ရောက်သွားကာ စိုက်ပျိုးရေးကျေးရွာအနီးမှာ ခွေးဘီးလူးကားတစီးကို တိမ်းရှောင်ရင်း ရေမြောင်းထဲကို အဲ့ဒီမော်တော်ကားက ထိုးကျပြီး နေရာမှာတင် အမျိုးသားတစ်ယောက်၊ ကလေးနှစ်ယောက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” ကျနော်တို့အသင်းရောက်တော့ တချို့တဝက်ကို ပြည်သူတချို့ကလည်း ကိုယ့်ကားတွေနဲ့ ပို့ပေးတာရှိတာပေါ့၊ နေရာမှာတင် သေဆုံးသူ သုံးဦးကို စဥ့်ကိုင်ဆေးရုံကို ပို့ပေးပြီး ဒဏ်ရာရလူ လေးဦးကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်၊ ရွှေစာရံကနေ ကျောက်ဆည်ဘက်ကို ထွက်တဲ့လမ်းရှိတယ်၊ လမ်းကလည်းကောင်းတော့ အရှိန်ပါပုံပေါ်ပါတယ်၊ နောက်ထပ်စုံစမ်းသိရသလောက်ကတော့ ဆေးရုံကြီးမှာ နောက်ထပ် လူသုံးဦးသေဆုံးတယ်လို သိရပါတယ်” စေတနာမွန်လူမှုကူညီရေးအသင်း – အုန်းချော အသင်းတာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။
အဲ့ဒီတိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးကားပေါ်မှာ ယာဥ်မောင်းနဲ့ အပါအဝင် စုစုပေါင်း ၁၃ ယောက်ဝန်းကျင်လိုက်ပါလာခဲ့ပြီး ယာဥ်တိမ်းမှောက်လို့ ကလေးနှစ်ယောက်နဲ့ လူကြီး လေးယောက် သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ရွှေစာရံဘုရားပွဲတော်ကို နှစ်စဥ် တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၈ ရက်နေ့အထိ ကျင်းပနေတာဖြစ်ပြီး ဘုရားပွဲတော်မတိုင်ခင်ကတည်းက ဘုရားဖူးတွေ စည်စည်ကားနေတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ – စေတနာမွန်လူမှုကူညီရေးအသင်း – အုန်းချော

Related posts

Leave a Comment

VOM News

FREE
VIEW