မတ် ၂၀၊ ၂၀၂၅
Shy V (VOM)
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန် ကျေးရွာအုပ်စု၊ ရှိန်းခေါင်ရွာရှိ နေအိမ် လေးလုံး မတ်လ ၁၈ ရက်ည မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း တသောင်းကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ရှားကော ခြံတွေ ပါတာ မဟုတ်ဘူး။ ရောင်းဖို့ ထားထားတဲ့ ဟာတွေပါသွားတာ။ အဓိက သူတို့ရဲ့ ရှားကောတွေ သူတို့ ကျင်းလိုက် ထားထားတာ အကုန်လုံး မီးထဲ ပါသွားတဲ့ အခါကျတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုက အများကြီး ဆုံးရှုံး သွားတာပေါ့လေ။ ရှိန်းခေါင်ဘက်မှာကျတော့ ရှားကော ခင်းတွေ အများကြီးရှိတယ်။ ဈေးကောင်း ရတဲ့ အချိန်ဆိုရင် ဒေသခံတွေ အရမ်း အဆင်ပြေတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မီးလောင်မှုကြောင့် လူ ထိခိုက်မှု မရှိပေမယ့်မီးေလာင် ဆုံးရှုံးမှု ခန့်မှန်းခြေ ဦးဟီဟူနိုး နေအိမ် တရုတ်ယွမ် သုံးသိန်း၊ ဦးကျော်ဘော်ဒီ နေအိမ် တရုတ်ယွမ် ရှစ်သိန်း၊ ဦးလီဆူခီး နေအိမ် တရုတ်ယွမ် ၆ သိန်း၊ စုစုပေါင်း တရုတ်ယွမ်ငွေ ၁၇ သိန်းခန့်ရှိတာကြောင့် ကာလပေါက်ဈေးနဲ့ ကျပ် သိန်း တသောင်းကျော် ဆုံးရှုံးတယ်လို့ ဆိုပါတယ်။
“မီးက လူမရှိတဲ့ အိမ် ထ လောင်တာ။ ည သန်းခေါင်လောက်မှာ လောင်တာ။ မိုးလည်းရွာတယ်။ မိုးကြိုးလည်း ပစ်တယ်။ အဲဒါကြောင့် ဝါယာရှော့ ဖြစ်ပြီး လောင်တာ လို့ ထင်တယ်။” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိ မီးဘေး ကြုံနေရတဲ့ မိစားစုတွေ ပိုင်ဆိုင်မှု အကုန်ဆုံးရှုံးသွား တာကြောင့် ခက်ခဲနေကြပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
အရင်နှစ် ၂၀၂၄ ခုနှစ် မတ်လ ၁၈ ညမှာလည်း အဲဒီ ရှန်းခေါင် ရေခဲပြင်ရွာမှာ နေအိမ် အများအပြား မီးလောင်ကျွမ်းခဲ့ပြီး အခု လောင်တာက အရင်နှစ် လောင်တဲ့ရွာ အောက်နားမှာ ပြန်လောင်တာ လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာလည်း ရှိန်းခေါင်ရွာမှာ အိမ်ခြေ ၆၀ ဝန်းကျင် မီးလောင် ပျက်စီးသွားခဲ့ဖူးသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd#ဒေသခံ