ဆူးငှက်
ရှေးမြန်မာများရဲ့ မြို့တည်ဗိသုကာ စနစ်ကို မျက်ဝါးထင်ထင်မြင်တွေ့လေ့လာနိုင်တာ မန္တလေးတစ် မြို့တည်းပဲ ကျန်တော့တယ်။ မန္တလေးဟာ မြို့စတည်တဲ့ မြန်မာကောဇာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှသည် နှစ် ၁ဝဝ ပြည့်တဲ့ ၁၃၂၁ ခုနှစ်အတွင်း မူလပန္နက်မြို့ ပြကွက်များဟာ ထူးထူးခြားခြားပြောင်းလဲမှု မရှိလှ ပါဘူး။ ဒီဘက် နှစ် ၅ဝ၊ နှစ် ၆၀ ကာလများ နှောင်းပိုင်းမှာမှ သိသာထူးခြားစွာ ပြောင်းလဲသွားတာပါ။ တချို့နေရာများဆိုရင် မမှတ်မိနိုင် လောက်အောင်ပါပဲ လို့ ပြောရ မလိုပါပဲ။
၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလမှာ မန္တလေးကို အင်္ဂလိပ်တို့ က သိမ်းယူအပြီး ၁၈၈၇ ခုနှစ်မှာ မန္တလေး မြူနီစီပါယ်ကို ဖွဲ့စည်း တယ်။ ဒီ့နောက် မူလမြန်မာဗိသုကာ မြို့ပြအကွက်အကွင်း များမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ ထူးထူး ခြားခြားတော့ မဟုတ်ပါဘူး။ လမ်းတွေကို ကျောက်ခင်းတာ၊ လမ်းမီးတွေ ထွန်းညှိတာက စ, တာပါ။ လမ်းမီးဆိုတာလည်း လျှပ်စစ်မီး မဟုတ်ပါဘူး။ တစ်ပင်တိုင် ရေနံဆီမီးအိမ်ကြီး တွေပါပဲတဲ့။ မူလ မန္တလေးဆိုတာ ၄ ထောင့်စပ်စပ် အကွက်ရိုက်ပြီး တည်ဆောက်ထားတဲ့ မြို့ပြပန္နက်ဖြစ်ပြီး မင်းစိုးရာဇာအရာ ရှိတွေက အဲဒီ ၄ ထောင့်စပ် စပ်ရဲ့အလယ်မှာ နေထိုင်ကြတယ်။ အပြင်တန်းလမ်းပေါ်က ခြွေရံသင်းပင်းတွေနေထိုင်ကြတယ်။ အချို့ရပ်ကွက်တွေမှာတော့ ဆိုင်ရှင်နဲ့ ကုန်သည်လေးတွေက အပြင်တန်းမှာနေကြတယ်။ အိမ်ကြီးရခိုင် ဆောက်လုပ်နေထိုင်ခြင်း ခွင့်မပြုကြဘူး။ ဒီတော့ တစ်မြို့လုံးက မင်းစိုးရာဇာအိမ် များကလွဲလို့ ‘တဲတွေနဲ့ ပြွမ်းသောမြို့’ လို့ ပြောရပါမယ်။
အင်္ဂလိပ်မြူနီစီပါယ်က လမ်းခင်းတယ်။ သူတို့ရုံးတွေ အတွက် တယ်လီဖုန်းသွယ်တယ်။ လမ်းမီးအိမ်စိုက်တယ်ဆိုတာ တွေအပြင် လမ်းဘေးတစ်လျှောက် ဘယ်တုန်းကမျှမရှိတဲ့ မြောင်း တွေဖောက်တယ်။ လမ်းဘေးအပြင်တန်းတဲအိမ်တွေကို ဖြိုဖျက်ပြီး တိုက်တာအိမ်ရာတွေတည်ဆောက်တယ်။ ဒီတော့ မန္တလေးမှာ မြူနီစီပါယ်ဆိုတာ စပေါ်လာတာနဲ့တစ်ပြိုင်နက် မူလမြို့ပြအိမ်ရာ တန်ဖိုးတွေကလည်း ပြောင်းပြန် ပြောင်းလဲသွားတာ သေချာတယ်။ ရှေးတုန်းက လေးထောင့်စပ်စပ်အရပ် (ဝင်းကြီးတွေ) အလယ် မင်းစိုးရာဇာရဲ့ အိမ်က၊ နေရာက အဖိုးတန်တယ်။ လမ်း ဘေးက နောက်ပါ၊ နောက်လိုက်၊ ခြွေရံသင်းပင်းများမို့ တန်ဖိုးနည်းမယ်။ အခု အင်္ဂလိပ်မြူနီစီပါယ်ခေတ်ရောက်တော့ အပြင်ဘက်လမ်းတန်းမှာ ကျောက်လမ်းနဲ့ လမ်းမီးနဲ့၊ ရေမြောင်းနဲ့၊ တယ်လီဖုန်းနဲ့ တိုက်တာတွေဖြစ်ကုန်ပြီး တန်ဖိုးတွေတက်ကုန်တယ်။
လေးထောင့်စပ်စပ်အရပ် အလယ်ခေါင်၊ ဝင်းအလယ်ခေါင်က မင်းညီမင်းသားရဲ့ ဆင်ဝင်ခလောက်ဆွဲ ၂ ဆောင်ပြိုင် အိမ်ကြီးက ပိုင်ရှင်နဲ့အတူ ရာထူးကျအရာမရောက်၊ ပန်းဆွဲပြုတ်၊ အမိုးလန်၊ နံရံကွာကာ တန်ဖိုးကျ ဆင်းသွားရတော့တယ်။ ဒါပေမယ့် မြို့ပြ အကွက်အကွင်းကတော့ မပြောင်းလဲပါဘူး။ မန္တလေးတောင်နဲ့ ကျုံး၊ မြို့ရိုး၊ ပြာသာဒ်တွေက လေးထောင့်ကွက်နဲ့စပ်ထားတဲ့မြို့ ကို ငုံ့ကြည့်နေဆဲ။ စျေးချိုကိုလည်း ၁၁ သိန်းကုန်မျှ အသစ်ပြန်လည် တည်ဆောက် ပေးခဲ့တယ်။ ၁၈၉၈ ခုနှစ်ရောက်တော့ မန္တလေးမှာ မီးသတ်ဌာနထူထောင်ခဲ့တယ်။ မန္တလေးမှာ ယခင်က ဆက်သွယ်ရေး အဖြစ် နွားလှည်း တွေသုံးတယ်။ မြင်းတွေစီးတယ်။ အင်္ဂလိပ်ခေတ်မှာ ဘီးလေး ဘီးတပ် ရထားလုံးတွေ ပေါ်လာတယ်။ ၁၉ဝ၄ ခုနှစ်ရောက်မှ ဓာတ်ရထားဆိုတာတွေ ဘုရားကြီးနဲ့ရုံးကြီး၊ ရုံးကြီးနဲ့ဂေါဝိန်ခရီး စဉ်များမှာ ခေါင်းလောင်းသံ တလွင်လွင်နဲ့ ပေါ်ပေါက်လာတာပါ။ မူလဇာတိမပျက် ပြုပြင်တည်ဆောက်ထားတဲ့ မန္တလေး ဟာ ၁၉၄၂ မှသည် ၁၉၄၅ ခုနှစ်အတွင်း ဒုတိယကမ္ဘာစစ်မှာ တစ်မြို့လုံး ဘုံးဘုံးကျပြာပုံဘဝရောက်ကာ ပျက်စီးခဲ့ရပြန်တယ်။
၁၉၄၅ ခုနှစ် စစ်ကြီးပြီးတော့ မြန်မာအမျိုးသားများ ဦးဆောင်ပြီး မန္တလေးပြန်လည်ထူထောင်ရေးကို ‘ပြည်သူအကြိုက်’ ဘယ်လိုပြန်လည်တည်ဆောက်သင့်သလဲဆိုတာဆွေးနွေးပြော ဆိုလာကြတယ်။ (၃ဝ.၁၂.၁၉၄၅) နေ့ရောက်တော့ မန္တလေး မြို့လယ်က နေသူရိန်ရုံကြီးမှာ ရဟန်းသံဃာတော်များ၊ ဖဆပလ ဦးစီးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ များ စုဝေးကြပြီး (၁) လောကဓာတ်နည်းအားဖြင့် ပြန်လည်ထူထောင်ရေးစီမံ ကိန်းအဖွဲ့တစ်ဖွဲ့ မန္တလေးတွင်ဖွဲ့စည်းရန်၊ (၂) သာသနာရေး အဆောက်အအုံများနှင့် နေရာများကို မထိခိုက်စေဘဲ တိုင်းသူ ပြည်သားတို့၏ လိုအပ်သောအရာများကို အခြေပြု ခေတ်မီ နည်းအရ မန္တလေးမြို့ကြီးကို ပြန်လည်တည်ဆောက်ရန်ဆိုတဲ့ အခြေခံမူများနဲ့ မန္တလေးမြို့တော်သစ် တည်ဆောက်ရေး စီမံကိန်းတွေ ဆွေးနွေးကြတယ်။ လွတ်လပ်ရေးခေတ်ရောက်တော့ ၁၉၅ဝ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှ ဒီဇင်ဘာ (၈)ရက်နေ့အထိ ဝန်ကြီးချုပ်ကိုယ်တိုင် မန္တလေးရုံးထိုင်ကာ မန္တလေးမြို့တော်ကို ဘာသာရေး၊ သာသနာရေး၊ ယဉ်ကျေးမှုမှအစ မြို့ပြပိုင်းဆိုင်ရာအထိ ဘက်စုံ တိုးတက်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပေး ခဲ့ပါသတဲ့။
မန္တလေး နှစ် (၁ဝဝ) ပြည့်မယ့် ၁၉၅၈၊ ၁၉၅၉ ဝန်းကျင်မှာလည်း မန္တလေးမြို့တော်ကြီး ခေတ်မီရေးအတွက် ပဏာမ အနေနဲ့လမ်းမကြီးတွေ တိုးချဲ့ပြုပြင်တယ်။ စျေးချိုတော် အဆောက်အအုံကြီးတွေ မွမ်းမံတယ်။ ယာဉ်များ သွားလာရေး၊ ရပ်နားရေးတွေကို စနစ်တကျဖြစ်စေတယ်။ လွတ်လပ်ရေးရပြီး နောက် ၁၉၅၉ ဝန်းကျင်အထိ မန္တလေးမှာ လွတ်လပ်ရေး ကျောက်တိုင်ကြီး၊ သာသနာ့ဗိမာန် အဆောက်အအုံကြီး၊ ဆရာ အတတ်သင်သိပ္ပံ၊ ဆေးသိပ္ပံ၊ ပြည်သူ့ ဆေးရုံကြီး၊ နိုင်ငံတော် ပြတိုက်နှင့် စာကြည့်တိုက်၊ အနုပညာနှင့် ပန်တျာကျောင်း၊ တရား လွှတ်တော်ဆိုတာတွေ ပေါ်ပေါက်ဖြစ်ထွန်း စေခဲ့ပါသတဲ့။ ဒါကြောင့် မန္တလေး နှစ် ၁ဝဝ အတွင်း သူ့ခေတ်သူ့ အခါ သူ့အတိုင်းအတာအရ ခေတ်နဲ့ အညီ ပြုပြင်တည်ဆောက် တိုးတက်မှုများ ဖြစ်ထွန်းခဲ့တယ်။
သို့သော် မူလမန္တလေး ရေမြေ၊ မန္တလေးသန္ဓေ၊ မန္တလေး စရိုက် လက္ခဏာတို့ မပျက်ယွင်းခဲ့ခြင်း ကလည်း ထူးခြားမှုတစ်ခုလို့ မှတ်ယူကြရပါမယ်။ နှစ် ၁ဝဝ ကျော်အပြီး ဒီဘက် နှစ်တွေမှာ မန္တလေးကို အထူးခြားဆုံးပြောင်းလဲစေတော့မည့် ‘သဘာဝ’ ကြီးတစ်ခုပေါ် ပေါက်လာခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်၊ မန္တလေးမြို့လယ် မီးကြီးပါပဲ။ ဦးကျားကြီးဝင်းမီးတဲ့။ အထက်ကဆိုခဲ့သလို နှစ် ၁ဝဝ သက်တမ်း အတွင်း မန္တလေး မူလ၊ မန္တလေး ပန္နက်မပျက်စေဘဲ တိုးတက် ဖြစ်ထွန်းမှုများက မူလလေးထောင့်စပ်စပ်အရပ် (ဝင်းကြီးတွေ) အတွင်းမှာ နေအိမ်များကြပ်ညပ်၊ ဝင်ပေါက်ထွက်ပေါက် ပိတ် ဖြစ်လာခြင်းများကို လျစ်လျူရှုမိကြခြင်း ဆိုးကျိုးကို ၁၉၈၄ မီးကြီး မှာ နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရတာပါပဲ။
ပြွတ်သိပ်နေတဲ့ လောင်စာဝင်းကြီးတွေ ဟောတစ်ဝင်း၊ ဟောတစ်ဝင်းနဲ့ ကမ္ဘာပျက်လုခမန်း လျင်မြန်စွာ ကမှူးရှူးထိုး လောင်ကျွမ်းသွားလိုက်တာ လောင်စရာကုန်မှ ရပ်တော့တယ်။ မီးလောင်အပြီး မန္တလေးပြန်လည်ထူထောင်ရေး ဆောင်ရွက်ကြ တော့ ကာလ၊ ဒေသ၊ ပယောဂအားဖြင့် မန္တလေးမြို့ပြရဲ့ ဖွဲ့စည်း မှုက မြို့လယ်ခေါင်ကစပြီး မဖြစ်မနေ ပြောင်းလဲရတော့တာပေါ့။ အရင်လို ဝင်းထဲစုပြုံပြီး တဲလေးတွေထိုးလို့ ဘယ်ဖြစ်ပါတော့ မလဲ။ လမ်းမကြီးနံဘေးမှာ အရင်လိုအိမ်ဟောင်းလေးနဲ့ မန်ကျည်းပင်အောက်က ဝါးကွပ်ပျစ်လေးနဲ့ ဘယ်ဖြစ်ပါတော့မလဲ။ အေးအေးသက်သာ ရောင့်ရဲနိုင်တဲ့ မန္တလေးသားမြန်မာ မိသားစုကလည်း မြို့လယ်ခေါင်ရဲ့ အကြပ်အညပ်နဲ့ မီးဘေး အန္တရာယ်ကို ကြောက်လန့် လာကြတယ်။ ဒီတော့ မတတ်နိုင်ပေဘူး။ နေရာအပြောင်းအလွဲ၊ ပိုင်ရှင်အပြောင်းအလွဲတွေ ဖြစ်ကုန်ရော။ ပိုင်ရှင် အပြောင်းအလွဲမှာ အရင်က ၂ ထပ်တိုက်အမြင့် ဆုံးယဉ်ကျေးမှုနေရာမှာ ၄ ထပ်၊ ၅ ထပ်၊ ၆ ထပ်တိုက်တွေနဲ့ မြို့ရိုးပေါ်က ပြာသာဒ်ကို ပခုံးချင်းယှဉ်လာတာပေါ့။ နောက်ပေါက်တွေက မန္တလေးကို အထင်သေးစွာ ငုံ့ကြည့် ဖို့ ကြိုးစားလာတာပေါ့။ မူလ မန္တလေး ပန္နက်၊ မူလ မန္တလေးဇာတိ၊ မူလ မန္တလေးဖွဲ့စည်းမှုတွေကို တည်ဆောက်ပြုပြင် တိုးတက်မှုနှင့် လုပ်ပိုင်ခွင့် ဆိုတာတွေက အားပြိုင်လာသလိုလိုနှင့် ဝါးမြိုလိုက်ကြတယ်။
အဲ့ဒီဖြစ်ထွန်းမှုဟာ ရုပ်ဝတ္ထု အနေနဲ့ ပြောင်းလဲတိုးတက်မှုအသွင်ဆောင်ပေမယ့် အမျိုးသားရေးလက္ခဏာအနေနဲ့ ဆုတ်ယုတ်မှုလို့ပဲ မန္တလေးသားတွေက လက်ခံကြပါတယ်။ မန္တလေးကို မန္တလေးသားတွေ ပိုင်ဆိုင်ခွင့်က ဆုံးရှုံးသွားတော့ မန္တလေးစရိုက် မန္တလေးထုံးတမ်းမှသည် မန္တလေးယဉ်ကျေးမှုဆိုတာတွေလည်း ဆုံးရှုံးသွားတာပါပဲ။ တဖက်က အရွေ့ကို ခုတုံးလုပ်ပြီး ကိုယ်ပိုင်ဆိုင်တဲ့ ဒြပ်မဲ့ ယဉ်ကျေးမှုကို ဥပက္ခာပြုတာက ခေတ်မီသယောင်ယောင် ညာဝါးချလိုက်ကြတယ်။ အသိသာဆုံးက မန္တလေးသင်္ကြန်ဆိုတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတခု ပေးဆပ်လိုက်ကြရတယ်။ ဒီတော့ တကယ်တမ်း ခေတ်အရွေ့ကို နားလည်တဲ့ ကိုယ်တိုင်လည်း ပါဝင်ကြတဲ့ GZ တွေက လူယဉ်ကျေးပီသစွာ မန္တလေးဒြပ်မဲ့ ယဉ်ကျေးမှုတွေကို တမ်းတကြတယ် တူးဆွကြတယ်၊ မန္တလေး တပြ ဘယ်လောက်ရှိသလဲ မှသည် သင်္ကြန်မိုးအလယ် ပြည်တော်ဝင်ဇစ်မြစ်အဆုံး ထိပေါ့။
သည်လိုနဲ့ ဟောပြောပွဲတွေ ပြပွဲတွေ ဆီမီနာတွေ စာတမ်းဖတ်ပွဲတွေနဲ့အတူ ရိုးရာယဉ်ကျေးမှု ဆိုသည်ကို ယခင် လှည်းဝိုင်း ဖျာခင်း ပွဲခင်းမှသည် ယခု အမျိုးသားဇာတ်ရုံနဲ့ MCC ခန်းမအထိ ဆွဲတင် ဖော်ထုတ် မှတ်တမ်းတင် ထိန်းသိမ်း ဖြန့်ဝေကြတာ အရှိန်ရခဲ့ကြပါပြီ။ ဒါပေမယ့် မထင်မှတ်ဘဲ ကိုဗစ်ဘေးဆိုးနဲ့ နိုင်ငံရေးအပြောင်းအလဲမှာ ရုတ်ခြည်း ရပ်တန့်ခဲ့ကြရလို့ သူတို့ခမျာ လုပ်လက်စ အလုပ်လေးတွေ မပျောက် ပျက်ရလေအောင် မနည်းအားတင်း ဆွဲထားခဲ့ကြဆဲ အခုတော့ မတ်လ ၂၈ရက် ငလျင်ဘေးဆိုးကြီးက ကျန်ကောင်းကျန်ရာ မန္တလေးအမှတ်လက္ခဏာတွေကို လှုပ်ရမ်း ဆွဲခါ ပြိုပျက်စေခဲ့ပါပြီ။ ဒါတင်မက မန္တလေးရဲ့ ပင်မသွေးကြော စီးပွားရေးကိုလည်း ဆွဲနှုတ်ယူသွားပါပြီ။ လက်ဟောင်း လက်သစ် မြို့အကွက်အကွင်းမှန်သမျှ ငလျင်ဘေး သင့်ခဲ့ရပါပြီ။ ဒီငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုမှာ ငလျင်စတင်လှုပ်ခတ်တဲ့ နေ့မှ မေ ၄ ရက်နေ့အထိ သေဆုံးသူ ၃၇၈၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၉၂ ဦးရှိတယ်တဲ့။ အသေးစိတ်စာရင်း မရရှိသေးပေမယ့် အဆောက်အဦးပေါင်း (၅၂၂၃)လုံး၊ စာသင်ကျောင်းပေါင်း (၁၈၂၄)ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင် စာသင်တိုက်(၂၇၅၂) ကျောင်း ထိခိုက်ပျက်စီး ဆုံးရှုံးသတဲ့။ ဒါ့အပြင် ဘုရားစေတီအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံပေါင်း(၄၈၁၇)ခု၊ ဆေးရုံဆေးခန်း(၁၆၇)ခု ပျက်စီးပြီး ရန်ကုန်-နေပြည်တော်-မန္တလေးသွား ရထားလမ်းနှင့် ကားလမ်းများပျက်စီးခြင်းနဲ့ အချို့ဘူတာများတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သတဲ့။ တံတား(၁၆၉)စင်း၊ ဆည်မြောင်းတမံ (၁၉၈)ခုနှင့် အမြန်လမ်းမကြီးတစ်လျှောက် အပိုင်း(၁၈၄)ခု ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သတဲ့။ အထိအခိုက် အပျက်အစီးတွေထဲက မန္တလေးက အများဆုံး ဖြစ်ပါလိမ့်မယ်။
ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု ကြီးမားခဲ့တဲ့ မန္တလေးမှာ သည်တခါ လက်အပြောင်းအလွဲကဖြင့် အရင်းအနှီး ကြီးလှမှာ မြင်ယောင်မိသေးရဲ့။ အရင် အပြောင်းအလွဲတွေလို လက်လီ ဈေးကောင်း ကြိုက်ဈေးခေါ် အရောင်းအဝယ် ဖြစ်မှာ မဟုတ်နိုင်တော့။ လက်ကား ပုတ်ပြတ် ရရာဈေးနဲ့ မျက်မြင်ပုံတိုက် လက်လွှဲကြရမယ့်ကိန်း ဆိုက်နေပေါ့။ “ဖြစ်ဟဲ့ဆို ဖြစ်ရမယ်တဲ့ တက်ခေတ်လူငယ်များ အားအင်တောင့်တင်းစေ” လို့ ပြည်တော်ဝင်သီချင်း သီဆိုပြီး အားပေးကြ ရအောင်ကလည်း ကိုယ့်ဘေးမှာ အိုကြီးအိုမတွေပဲ အများဆုံး ကျန်ရစ်နေ ကြပြီလေ။ ဘယ်မှာလဲ တက်ခေတ်လူငယ်တွေ။ သူတို့ အားလုံးလိုလိုက ရေကြည်ရာ မြက်နုရာမှာလေ။ သည်တော့လည်း အေဝမ်းဆရာညှာ ရေးဖွဲ့တာချင်းအတူတူ “ပြည်တော်ဝင်” သီချင်းအစား ဒို့ အိုကြီးအိုမတွေ ရွှေမန်းတင်မောင်ရဲ့ “အောင်ပါစေ” သီချင်း သီဆိုပြီး အချင်းချင်း အားပေးကြဦးစို့။
“ မြန်ပြည် တိုင်းဘောင် ကြံစည်တိုင်း အောင်ပါစေ၊ စီးပွားရေးရယ် ကြီးပွားရေးရယ် သမီးသားအရေးလည်း အောင်ပါစေ..” ဟူလို။
(ပြီးပါပြီ)
ဆူးငှက်