မေ ၂၂ – ၂၀၂၅
SN (VOM)
ငလျင်သင့်ဒေသတွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးမှု၊ လေပြင်း တိုက်ခတ်မှုတွေ ထပ်မံ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ မေ ၂၂ ရက်၊ မနက် ၇ နာရီအချိန် ထုတ်ပြန်တဲ့ အထူး မိုးလေဝသ သတင်း အသိပေးချက်မှာ မေ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တို့မှာ လေထု မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုံလေ အားကောင်းလာနိုင်ခြင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
“အခုက မိုးကလည်း ရွာနေတာ။ ပြီးတော့ မြန်မာနိုင်ငံ အလယ်ပိုင်းကို မုတ်သုံဝင်ပြီလို့လည်း ကျွန်တော်တို့ ကြေညာထားတာရှိတယ်။ အဲဒီတော့ မုတ်သုံအဝင်လည်း ရှိတယ်၊ လေထု မငြိမ်မသက်မှုတွေလည်း ဖြစ်နိုင်တယ်ဆိုတော့ ငလျင်ဒဏ်သင့် ဒေသတွေရော၊ တခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာပါ မိုးများတာရော၊ လေပြင်းကျတာတွေရော ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။
အထူးသဖြင့် ငလျင်သင့်ဒေသတွေမှာ မြေပြိုခြင်း၊ တိုက်ပြိုခြင်းနဲ့ သစ်ပင် လဲကျခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိထားဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“အဓိက ကတော့ ပြိုနိုင်တဲ့ တိုက်အဆောက်အအုံ၊ လဲနိုင်တဲ့ သစ်ပင်၊ သစ်ပင် မလဲတောင် ကျိုးနိုင်တဲ့ သစ်ကိုင်းတွေ အဲဒီနားတွေမှာ မနေဖို့တော့ အရေးကြီးတယ်” လို့ သူက ပြောပါတယ်။
မိုးရွာသွန်းနိုင်တဲ့ ဒေသတွေနဲ့ မိုးရွာသွန်းမှု အခြေအနေတွေကတော့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်လို့ သိရပါတယ်။
ဒါအပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာလည်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ တချို့ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးရေချိန် အနေနဲ့ကတော့ မန္တလေး၊ မကွေး စတဲ့ အလယ်ပိုင်း ဒေသတွေမှာ မိုးရေချိန် ၁ လက်မခွဲ ရွာသွန်းပါက မိုးကြီးတယ်လို့ သတ်မှတ်နိုင်ကြောင်း မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။
မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသတွေနဲ့ မြစ်ဝကျွန်းပေါ် အပါအဝင် ကျန်ဒေသတွေမှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မနဲ့အထက် ရွာသွန်းပါက မိုးကြီးတယ်လို့ သတ်မှတ်နိုင်ကြောင်း သူက ပြောပါတယ်။
“မိုးရေချိန် ဘယ်လောက်ရမလဲ ဆိုတာကတော့ အလယ်ပိုင်းဆို ၁ လက်ခွဲထက်ကျော်ပြီး ရွာနိုင်တယ်။ ကမ်းရိုးတန်းနဲ့ ကျန်ဒေသတွေမှာတော့ ၃ လက်မနဲ့အထက် ရွာနိုင်တယ်” လို့ သူက ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်သလို ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုဖို့ လိုအပ်တယ်လို့ မိုး/ဇလက သတိပေး နှိုးဆော်ထားပါတယ်။
ဒါအပြင် လာမယ့် ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ လေထု မငြိမ်မသက်မှု ဖြစ်စဉ်တွေကြောင့် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်တဲ့အတွက် အခု မေလအတွင်းမှာ မုန်တိုင်း ဖြစ်လာနိုင်ခြေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
“မုန်တိုင်းက ဖြစ်နိုင်ခြေ အလားအလာတော့ ရှိတာပေါ့။ ဒါပေမယ့် စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့ ထူးခြားမိုးလေဝသ ဆိုပြီး ထုတ်ပြန်တဲ့အထဲမှာလည်း ပါပါတယ်။ မေ ၂၃ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း လေထု မငြိမ်မသက်မှု ဖြစ်စဉ်တွေ ရှိတယ်ဆိုတာ။ မုန်တိုင်းတို့ဆိုတာက ပင်လယ်ထဲမှာ လေထု မငြိမ်မသက်မှုဖြစ်တယ်။ ပြီးရင် လေဖိအားနည်းရပ်ဝန်း ဖြစ်တယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ အားကောင်းလာပြီး မုန်တိုင်းဖြစ်တာ။ အခုကတော့ လေထု မငြိမ်မသက်မှုဖြစ်နိုင်တယ် ဆိုတဲ့ အခြေအနေလည်း ရှိနေတော့ တဖြည်းဖြည်းနဲ့တော့ အားကောင်းလာနိုင်တာပေါ့။ ဒါပေမယ့် စောင့်ကြည့်ရဦးမှာပါ” လို့ သူက ပြောပါတယ်။
မိုး/ဇလရဲ့ ဒီကနေ့ မေ ၂၂ ရက်၊ ညနေပိုင်းအထိ မိုးရွာသွန်းမှု ခန့်မှန်းချက်အရ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပြီး မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း (အောက်ပိုင်း) တို့မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်နဲ့ အနီးတဝိုက်၊ ရန်ကုန်မြို့နဲ့ အနီးတဝိုက်၊ မန္တလေးမြို့နဲ့ အနီးတဝိုက်အတွက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက်မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
နောက် နှစ်ရက်အတွက် ခန့်မှန်းချက်အနေနဲ့ မြန်မာနိုင်ငံ (မြောက်ပိုင်း) ဒေသတွေမှာ ထစ်ချုန်းမယ့် အခြေအနေတွေ ဆက်လက် ဖြစ်ပေါ်နေနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မိုး/ဇလ