မြောက်ကိုရီးယား ဖျက်သင်္ဘောတစင်း ရေချချိန်မှာ မတော်တဆမှုဖြစ်ပြီး ထိခိုက်ပျက်စီး

ပြုံးယမ်း၊ မေ-၂၂-၂၀၂၅
မျိုးဆက်(VOM)
မြောက်ကိုရီးယား စစ်သင်္ဘောသစ်တစင်းကို ရေချချိန်မှာ ပြင်းထန်တဲ့ မတော်တဆမှုဖြစ်ပွားတာနဲ့ပတ်သက်ပြီး ကင်ဂျုံအန်က ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ သည်းမခံနိုင်တဲ့ ရာဇဝတ်မှုတခုဖြစ်တယ်လို့ ပြောပါတယ်။
ဒီမတော်တဆမှုကြောင့် တန်ချိန် ၅၀၀၀ ရှိတဲ့ ဖျက်သင်္ဘောသစ်ရဲ့ အောက်ခြေကိုယ်ထည် အစိတ်အပိုင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။
အဲဒီသင်္ဘောဟာ မြောက်ကိုရီးယားစစ်တပ်ရဲ့ ရေတပ်ဖွဲ့တွေ ခေတ်မီတိုးတက်ရေးမှာ အောင်မြင်မှုတရပ်လို့ ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုထားပြီး လာမယ့်နှစ်အစောပိုင်းမှာ တပ်တော်ဝင် ဖြန့်ကြက်သွားမှာလို့ ဆိုပါတယ်။
သင်္ဘောကို ဇွန်လမှာကျင်းပမယ့် အာဏာရပါတီရဲ့ အဓိကအစည်းအဝေးမတိုင်ခင်မှာ ပြန်လည်ပြင်ဆင်ဖို့နဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းစေမှုဖြစ်စေခဲ့တဲ့ သင်္ဘောဒီဇိုင်းရေးဆွဲတည်ဆောက်ရာမှာ ပါဝင်သူတွေကို ထိန်းသိမ်းဖို့ ကင်ဂျုံအန်က အမိန့်ပေးထားပါတယ်။
အရှေ့ဘက်ဆိပ်ကမ်းမြို့ ချောင်ဂျင်ရှိ သင်္ဘောကျင်းတခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်ဟာ လုံး၀သတိမထားမှုနဲ့ တာဝန်မဲ့မှုဖြစ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။ ပါဝင်သူတွေရဲ့ တာဝန်မဲ့တဲ့အမှားအတွက် အရေးယူမှုတွေကို လာမယ့် မျက်နှာစုံညီအစည်းအဝေးမှာ ပြုလုပ်မှာဖြစ်ပါတယ်။
ဘယ်လိုပြစ်ဒဏ်ချမယ်ဆိုတာ ရှင်းလင်းစွာမသိရသေးပေမယ့် မြောက်ကိုရီးယားရဲ့ ပြစ်ဒဏ်ပေးမှုတွေမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း စစ်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ဖြစ်ခဲ့ဖူးပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW