ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို နေပြည်တော်မှာ သုံးရက်ကြာ ပြုလုပ်မယ်

မတ် ၂၂ – ၂ဝ၂၅
KKO(VOM)
NSPNC, EAO တွေနဲ့ နိုင်ငံရေးပါတီတို့ သုံးပွင့်ဆိုင်ပါဝင်တဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို နေပြည်တော်မှာ သုံးရက်ကြာပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဲဒီငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို အခုမတ်လ ၂၄ ရက်နေ့ ကနေ မတ်လ ၂၆ ရက်နေ့အထိ သုံးရက်တိုင် နေပြည်တော်ရှိ MICC-2 မှာ ကျင်းပသွားမှာဖြစ်ပြီး “ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ခေါင်းစဉ်နဲ့ ကဏ္ဍ အလိုက် တတ်သိပညာရှင်တွေက ပါဝင်ဆွေး နွေးသွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။
PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းကို ပြည်တွင်းမှာ ရှိနေကြတဲ့ EAO အဖွဲ့ ၅ ဖွဲ့၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှု‌ကော်မတီ (NSPNC)က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ယခင် ‌ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်လုပ်ဆောင်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်တွေ စုံလင်စွာတက်ရောက်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
“ဒါက နစက အစိုးရအဖွဲ့သက်တမ်း လေးနှစ်တာကာလအတွင်းမှာ ဖြစ်ပေါ်လာတဲ့သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေပါဝင်တက်ရောက်ဖို့ရှိနေတဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲပါ။ဒီစကားဝိုင်းမှာ NSPNC က တာဝန်ရှိသူတွေပါမယ်။EAO တွေပါမယ်။နိုင်ငံရေးပါတီတွေပါမယ်။ ငြိမ်းချမ်းရေးမှာ ဟိုးယခင်ထဲက ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သူတွေပါမယ်။တတ်သိပညာရှင်တွေပါမယ်။နောက်တခါတိုင်းရင်း သားအဖွဲ့အစည်းတွေထဲက ဖိတ် ကြားသင့်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေပါမယ်လို့ သိရပါတယ်”လို့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းကို တက်ရောက်မယ့် တတ်သိပညာရှင်တယောက်က VOM ကို ပြောပါတယ်။
ဒါအပြင် ယခုရက်ပိုင်းအတွင်း ကျင်းပမယ့် PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဂရုနှစ်ခုဖွဲ့ပြီးဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပြီး အဲဒီဂရုတွေကတော့ နိုင်ငံရေးကဏ္ဍဆွေးနွေးမှုနဲ့ နောက်တခုကတော့ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍဆွေးနွေးမှုတို့ ဖြစ်တယ်လို့ သိရပါတယ်။
“ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲနဲ့ပတ်သက်လို့ ပြောရရင် ဘယ်တော့မှ ဒီလိုဆွေးနွေးနိုင်မယ်ဆိုတာမသိတဲ့အတွက် အခုလိုဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာတာကိုက ဒါဟာ ကောင်းသောရလဒ်တခုလို့ပဲ ပြောချင်ပါတယ်။ ကျန်တာတွေကတော့ သူ့ဟာနဲ့သူ လုပ်ကြရမှာပါ”လို့ နိုင်ငံရေးလေ့လာအကဲခတ်သူ တယောက်က ထပ်လောင်း ပြောပြပါတယ်။
နေပြည်တော်မှာ ကျင်းပပြုလုပ်မယ့် PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်းကို NSPNC, EAO တွေနဲ့ နိုင်ငံရေးပါတီသုံးပွင့် ဆိုင်အဖွဲ့အစည်းတွေ အပါဝင် သတင်းမီဒီယာအဖွဲ့အစည်းတွေလည်းတက်ရောက်မှာဖြစ်ပြီး အဖွဲ့အစည်းပေါင်း(၁၂ဝ)ခန့်က တက်ရောက်ကြဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW