မတ် ၂၂၊ ၂၀၂၅
ZY(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်းက ကြံစိုက်ပျိုးရာကျေးရွာတွေမှာ နယ်မြေမတည်ငြိမ်မှု၊ တိုက်ပွဲတွေ ဖြစ်ပွားမှုတွေကြောင့် စစ်ဘေးရှောင်နေတာလို့ အခုနှစ်ကြံစိုက်ရာသီမှာ ကြံမခုတ်ရတဲ့ တောင်သူတွေ အရှုံးပေါ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နစကတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရသလို အချို့က အခုအချိန်ထိ နယ်မြေမတည်ငြိမ်မှုကြောင့် နေရပ်ပြန်ခွင့်မရသေးတဲ့အတွက် ကြံခုတ်ယူလို့မရတာကြောင့် အရှုံးပေါ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အားလုံးပေါင်းရင် တန်၆၀လောက်က မခုတ်လိုက်ရဘူးလို့ ခန့်မှန်းကြတယ်။ အများဆုံးကတော့ နောင်ချိုက တောင်းခမ်း၊ မန်ကျည်းရေ၊ အင်းဝိုင်း၊ အုမ္မသီး၊ ဂန့်ဂေါ်တို့ဖက်ကပဲ။ အခုထိပြန်လို့ မရသေးဘူးလေ။ နစ်နာဆုံးရှုံးမှုတွေကတော့ အများကြီးရှိတာပေါ့ဗျာ။ တောင်သူအများစုက စက်ရုံတွေကနေ ကြိုတင်ငွေယူပြီး စိုက်ထားကြတာလေ”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
လက်ရှိအချိန်မှာ အဲဒီစစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အပြင် အခုနှစ်ရာသီမှာ ကြံစိုက်ပျိုးမှုအရှုံးပေါ်သွားတာကြောင့် အကြွေးဆပ်ရမယ့် အခက်အခဲအကြပ်အတည်းနဲ့ ရင်ဆိုင်နေရလို့ လာမယ့် ရာသီမှာ ကြံစိုက်ပျိုးမှုနောက်ကျတာ၊ ကြံစိုက်ပျိုးသူလျော့နည်းလာတာတွေ ရှိနိုင်တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကြံတွေကို နောင်ချို၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာနဲ့ မိုင်းယုလေး၊ မူဆယ် ၁၀၅ မိုင်၊ ပန်ဆိုင်း (ကြူကုတ်)မြို့နဲ့ မုံးကိုးမြို့မှာ အဓိက စိုက်ပျိုးကြတာ ဖြစ်ပြီး မူဆယ်မြို့နယ် နမ့်အွမ်ရွာရှိ သကြားစက်ရုံ၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့နဲ့ ချင်းရွှေဟော်ဂိတ်ကနေတဆင့် တရုတ်နိုင်ငံဘက်ကို တင်ပို့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local