မတ် ၂၂၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ရာ လားရှိုးမြို့မှာ ဒုစရိုက်မှုတွေ ပိုမိုများလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မထိန်းနိုင်ဘူး။ အမှုတွေများလာတယ်။ လုံခြုံရေးညံ့တယ်။ ခက်တာက လုံခြုံရေးထဲက သူခိုးတွေ၊ လူမိုက်တွေ၊ ဘာတွေက ပါသေးတယ်။ အရင်က လူမိုက်တွေကို ထိန်းတဲ့ သဘောနဲ့ လုံခြုံရေး ပြန်ခန့်ထားတာ။” လို့ဒေသခံ တယေက်က ပြောပါတယ်။
လားရှိုးမှာ သေနတ် ကိုင်ထားတဲ့ လူမိုက်အဖွဲ့ တဖွဲ့ ရှိ နေတယ်လို့ ကြားသိရပြီး ပြန်ပေးဆွဲတာတွေ၊ ဓားပြတိုက်တာတွေ လုပ်ကြတယ်လို့ ကြားတယ်လို့ သူက ပြောပါတယ်။
မတ်လ ၂၀ ရက်နေ့ ညနေစောင်းချိန်က ဖုန်းဆိုင် တဆိုင်ကို လူ လေး ယောက်က ဓားပြ တိုက်မှု ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဓားပြမှု ဖြစ်သွားတယ် ညနေကပဲ။ရပ်ကွက် ၁၁ နမ္မတူလမ်းမပေါ်က ရှီတောတော ဖုန်းဆိုင်ပါ။ ဖုန်းအသစ်တွေ အများကြီးပါသွားတာ။” လို့ လူငယ် တယောက်က ပြောပါတယ်။
ကားအဖြူနဲ့ လူ လေးယောက်က သေနတ် အတိုပါ ပါတာပြီး CCTV စက်ကိုပါ ဖြုတ်သွားတာလို့ သူက ပြောပါတယ်။
“အခုက CCTV ပါ မ သွားတော့ ဒီလူတွေက အတွေ့ကြုံ ရှိသူတွေ ဖြစ်နိုင်တယ်။ နေ့တိုင်း သွားနေတဲ့ လမ်းမကြီးပေါ်ဗျာ။ ညစောစောရှိသေး လမ်းမကြီးပေါ် ဓားပြ တိုက်တာ ကတော့ လွန်ပါတယ်။” လို့ သူက ထပ်ပြောပြပါတယ်။
သွားလာရင်း လူတွေနဲ့ အဲဒီနားတဝိုက်က လူတွေတော့ ထွက်ကြည့်ကြပေမယ့် လက်နက်လည်း ပါတာေကြာင့် ကူညီဖို့ မတတ်နိုင်ခဲ့ကြကြောင်း၊ လူတွေ ဘာဖြစ်သွားတယ် ဆိုတာတော့ မမြင်မိလိုက်ကြောင်း သူက ပြောပါတယ်။
လားရှိုးမှာ ဓားပြတိုက်တာက ဒီတခါ ပထမ ဆုံးဖြစ်ပြီး အရင်တလောက ဆိုင်ကယ်လုတာ၊ ငွေလုတာတွေ ရှိခဲ့တယ်လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
“မယ်ဟန်မှာလည်း ပြန်ပေးဆွဲမှု ဖြစ်ခဲ့ သေးတယ်။ ပြန်ပေးဆွဲခံရတာက လုပ်ငန်းရှင်တော့ မဟုတ်ဘူး။ အဲဒီ သတင်းကိုတော့ ဖုံးထားကြတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြို့ပေါ်မှာ လောင်းကစား မူးယစ် ဆေးဝါးနဲ့ ပတ်သက်တာတွေက MNDAA မှာ အခွန်ဆောင်ပြီးရင် ပေါ်ပေါ်တင်တင် လုပ်လို့ရတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
“လားရှိုးမှာ အရင် နဲ့ မတူတော့ဘူး။ နှစ်လုံးထီ တို့၊ ချဲတို့ လမ်းဘေးမှာ စာပွဲ တွေ တန်းစီထားပြီးကို ရောင်လို့ ရတယ်။ အဆင်မြင့်မြင့်ပဲ တခါထဲ ကွန်ပြူတာနဲ့ တောင် ထုတ်ပေးတာ။ မူးယစ်ဆေးဝါး ဆိုရင်လည်း အစုံရတယ်” လို့ သူက ပြောပါတယ်။
“ပြဿနာတွေ အရမ်းဖြစ်လာတယ်။ လက်နက်ရှိနေလို့သာ။ ဒါတောင်ဖြစ်နေကြတာပဲ။ အရာရှိကို ပစ်ခတ်သွားတာတွေ၊ လုံခြုံရေးဝန်ထမ်းတွေ ခိုးတဲ့ပြဿနာေတွ၊ လုံခြုံရေးတွေ ရန်ဖြစ် အနိုင်ကျင့်တာတွေ၊ အုပ်ကြီးတွေလာဘ်စားတာတွေ စုံလို့” နောက်တယောက်ကလည်း ပြောပါတယ်။
အဲလို လုပ်ငန်းတွေက MNDAA တပ်ဖွဲ့ဆီ တလ ငါးသိန်း ဆောင်ရင်ရင် လွတ်လွတ် လပ်လပ် လုပ်ကိုင်လို့ရတယ်လို့ ကြားသိရကြောင်း သူက ပြောပါတယ်။
အုပ်ချုပ်ရေးပိုင်းမှာရော လုံခြုံ ရေးအပိုင်းမှာရော ဘာမှ အားရစရာတော့ မတွေ့သေးဘူး လို့ ဆိုပါတယ်။
မြို့ထဲ နစက စစ်သားတွေ ခိုးဝင်တာတွေလည်း ရှိနေကြောင်း၊ လာမယ့် သင်္ကြန်တွင်း လုံခြုံရေးကလည်း စိုးရိမ်စရာ ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက ညီနောင်မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နေရာ တချို့မှာ အွန်လိုင်း ငွေလိမ် ဂိုဏ်းတွေပြန်ေရာက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ကြားရလို့ စိတ်ပူနေတယ်လို့ ဆိုပါတယ်။
Photo:CJ