MNDAA တပ်ဖွဲ့ လားရှိုးကနေ ဆုတ်မယ်ဆိုပေမယ့် ဆုတ်မယ့်လက္ခဏာ မတွေ့ရ

မတ် ၂၂၊ ၂၀၂၅
Shy V (VOM)
MNDAA တပ်ဖွဲ့ လားရှိုးကနေ ဆုတ်မယ်ဆိုပေမယ့် ဆုတ်မယ့်လက္ခဏာ မတွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“MNDAA တပ်ဖွဲ့တွေ လားရှိုးကနေ ဆုတ်သွားလောက်မယ့် အထိတော့ မမြင်ဘူးဗျ။ မြို့စောင့်တပ်ရှိနေတာပဲ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
သင်္ကြန်ထိတော့ မဆုတ်ဖို့ သေချာနေပြီ ဖြစ်ပြီး သေချာ မသိနိုင်တာကြောင် ၆ လပိုင်းလောက်အထိ ပြန်စောင့်ကြည့်ရမယ်လို့ သူက ပြောပါတယ်။
နစက တပ်ဖွဲ့ ဝင်လာရင်တော့ စစ်ဖြစ်လာမယ်လို့ မြင်တယ်၊ လက်ရှိ UWSA နဲ့ AA က လည်းရှိနေပြီး MNDAA ရဲ့ မြို့စောင့် တပ်သား၊ ရဲ၊ အရံ တပ်သား တွေ ၁၀၀၀ ကျော်လည်း ရှိနေတယ်လို့ ဆိုပါတယ်။
“လွယ်လွယ်လေးနဲ့ ဆုတ်ပေး မယ်လို့ တော့ သိပ်မထင်ဘူး။ သူတို့က တရုတ်ရဲ့ ဩဇာခံ ဆိုတာလည်း အကုန်သိပြီးသားပါ။ သူတို့ ဆုတ်သွားတာနဲ့ PDF တွေ ထကြွ လာမှာပဲဆိုတာ သိပြီးသားပါ။” လို့ ရှမ်းမြောက် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
MNDAA တပ်ဖွဲ့ ဆုတ်သွားရင်တော့ မြို့ထဲ PDF တွေ အလုပ်လုပ်ရတာ ပို အဆင်ပြေသွားမယ်လို့လည်း သူက ပြောပါတယ်။
တရုတ်ဆန့်ကျင်ရေး ပိုစတာတွေ လိုက်ကပ်တယ် ဆိုတာကလည်း MNDAA က သိပ်လိုလားပုံ မပေါ်ဘူးလို့ လားရှိုး ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
“တရုတ်ဆန့်ကျင်ရေး ပိုစတာတွေ လိုက်ကပ်တာကို ချက်ချင်းပဲ ခွာခွာ ပစ်လိုက်တာ။ ဆန္ဒပြတဲ့သူတွေကိုမဖမ်းပါဘူး။ ထပ်ပြီးတော့ မလုပ်ဖို့လည်း သူတို့က တောင်းဆိုထားတယ်။ ဘာလို့လဲဆို‌ေတာ့ အဲဒီ အတွက်ကြောင့် ဆွေးနွေးပွဲမှာ အနှောက်အယှက် မဖြစ်စေချင်တဲ့ သဘော။” လို့ သူက ပြောပါတယ်။
တရုတ်ဆန့်ကျင်ရေး ပိုစတာတွေ လိုက်ကပ်တာ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရပေမယ့် သာမာန်ပြည်သူတွေထဲက နိုင်ငံရေး လှုပ်ရှားမှု အတွေ့အကြုံရှိတဲ့သူတွေထဲကပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လားရှိုး ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေး နားလည်သူ ပြည်သူတွေရဲ့ စကားသံက တရုတ်ကို တော်တော် ကြီးကို အမြင်မကြည် ဖြစ်နေတယ်လို့ သူက ထပ်ပြောပြပါတယ်။
လက်ရှိ နစက တပ်ဖွဲ့ နဲ့ MNDAA တပ်ဖွဲ့တို့က တရုတ် နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုနဲ့ တရုတ်နိုင်ငံမှာ ဆွေးနွေးပွဲ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Photo Crd#

 

Related posts

Leave a Comment

VOM News

FREE
VIEW