ဧပြီ ၂၃၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ဧပြီလ ၁၈ ရက်နေ့ကစ ဒေသ ပြင်ပက လာရောက်သူတွေကို ဝင်ခွင့် တင်းကြပ်ထားကြောင်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
“နေထိုင်ခွင့် စာအုပ်လုပ်ရတယ်။ ဒေသခံတွေကလွဲလို့ နေထိုင်ခွင့် စာအုပ်မလုပ်ရင် နေလို့မရဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒေသခံ သူဌေး၊ လုပ်ငန်းရှင် အာမခံ နဲ့ နေထိုင်ခွင့် စာအုပ် လုပ်ရတယ်လို့ သူက ပြောပါတယ်။
“ဗမာ လူမျိုးပဲ မဟုတ်ပါဘူး။ ဘာလူမျိုးမဆို နေထိုင်ခွင့်ကဒ် မရှိရင်နေလို့မရပါဘူး။ ၁၈ ရက်နေ့ ကနေ အခုချိန်ထိပဲ။ အလည်အပတ်လည်း မရပါဘူး။” လို့ ယာဉ်မောင်း တယောက်ကပြောပါတယ်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသဘက် သွားရင်လည်း ဗမာတင်မကဘူး၊ ကိုးကန့်တွေလည်း နေထိုင်ခွင့်စာအုပ် လုပ်ရတယ်လို့ ဆိုပါတယ်။
ရှမ်းမြောက် မှတ်ပုံတင်ဆိုရင် သွားလို့ရတာတွေ့ရပြီး အထောက်အထား မပါလို့ ပြန်လှည့်ရသူတွေ ဟိုလီမြစ်ဆုံမှာ ကားတွေ လူတွေမှ အများကြီး တွေ့ခဲ့ရတယ်လို့ ခရီးသွား မိန်းကလေး တယောက်က ပြောပါတယ်။
ဧပြီလ ၂၁ ရက်နေ့ကစ ကွမ်းလုံ အဝင်ကို ဒေသခံ လုပ်ငန်းရှင်၊ သူဌေး ထောက်ခံပေးမှ ဝင်လို့ရပြီး ဟိုပန် အထွက်ကိုလည်း ဝ တိုင်းရုံးထောက်ခံစာပါမှ အဝင်၊ အထွက် အဆင်ပြေပြီး မှတ်ပုံတင်မှာ ကွမ်းလုံ၊ ဟိုပန်၊ လောက်ကိုင် ဒေသခံ ဆိုပေမယ့် ဗမာလူမျိုးမှာ ဗမာ ဖြစ်နေရင် ကွမ်းလုံကြိုးတံတားမှာ စစ်ဆေးရေး တင်းကြပ်တယ်လို့ ဆိုပါတယ်။
၁၀၂၇ ပထမပိုင်း အခင်းအကျင်း အပြီးမှာ ဗမာလူမျိုး ရွှေ့ပြောင်း အလုပ်သမားတွေကို လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော် ဒေသတွေမှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် နေထိုင်ခွင့်စာအုပ်တွေကို ယွမ်ငွေနဲ့ သတ်မှတ်ကာ ပေးဆောင်ပြုလုပ်ရပြီး စာအုပ်သက်တမ်း ကုန်ဆုံးတာတွေ ရှိခဲ့ရင် ဖမ်းဆီးတာတွေ၊ ပြန်ပို့တာတွေ ပြုလုပ်လာေကြာင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ