ဧပြီ ၂၈၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်တောင်ပိုင်း တချို့နေရာမှာ ဧပြီလ ၂၇ ရက်နေ့က မိုးကြီး လေပြင်း မိုးသီးကြွေ တာတွေကြောင့် နေအိမ်နဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးမှုတွေရှိကြောင်း ဒေသခံတွေနဲ့ မီးသတ်ဦးစီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။
“ကလော မြင်းရွာမှာလည်း မိုးသီးကျတယ်။ ကလောဘက် မိုးသီးကျလို့ အသီးနှံပင်တွေ အကုန်ပျက်ပြီ။ ရင်းနှီး စိုက်ပျိုးထားရတာမို့ နှမျော စရာပါ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း နေရာကွက်ကြား မိုးရွာပြီး လေကြမ်းတဲ့အပြင် တချို့နေရာတွေမှာ မိုးသီးပါ ကြွေကျ သေးတာလို့ ဆိုပါတယ်။
တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုံသုံကျေးရွာအုပ်စု၊ ပေါတုတ်ကျေးရွာမှာ ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၁၂ လုံး အမိုးလန်ပျက်စီးခဲ့လို့ အောင်ပန်းနယ်မြေမီး သတ်စခန်းက သတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း မီးသတ် ဦးစီးဌာနက သတင်း ထုတ်ထားပါတယ်။
လေဘေးသင့်ပြည်သူ အမျိုးသား ၂၂ ယောက်၊ အမျိုးသမီး ၂၁ ယောက် စုစုပေါင်း ၄၃ ယောက်ရှိပြီး အဲဒီ လေဘေးသင့်သူတွေကို နီးစပ်ရာဆွေမျိုးအိမ်တွေဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာမှာ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခဲ့ခန့်က လေပြင်းတိုက်ခတ်လို့ လူနေအိမ်တွေ ပျက်စီးကြောင်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေကယ်ဆယ် ဆောင်ရွက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
မနေ့ ဧပြီလ ၂၇ ရက်နေ့မှာပဲ အင်းလေး ကြာတောရွာမှာ ငလျင်ကြောင့် ပြိုပျက်သွားတဲ့ အိမ်ပြန် ဆောက်နေတုန်း မိုးရွာ လေပြင်းတိုက်လို့ ဖြိုထားတဲ့ သွပ်ပြားတွေ လွင့်လာတာေကြာင့် ပြေးရှောင်ရတာလို့ အမျိုးသား တယောက်က အပြာပါတယ်။
လဲချား တောင်ပေါ်ဘက် တောင်ကြားလမ်းမှာ မိုးသီးတွေကျတာ ရှိသလို အင်းလေး၊ ဟဲဟိုး၊ အောင်ပန်း တောင်ဘက်ပိုင်း တွေမှာ မိုးကြီးပြီး တချို့နေရာတွေမှာ မိုးသီးပါကြွေကျတယ် လို့ ဆိုပါတယ်။
ပုံစာ ရေဘေးတုန်းကပုံဟောင်း: ဒေသခံ