လားရှိုးမှာ ခိုးဆိုးလုယက် ဓားပြတိုက်မှုတွေ ဆက်လက်မြင့်တက်နေ



မေ ၉၊ ၂၀၂၅
Shy V (VOM)

လားရှိုးမြို့မှာ မကြာသေးခင်နေ့ရက်တွေအတွင်း နေ့တိုင်းနီးပါး ခိုးဆိုးလုယက် ဓားပြတိုက်မှု ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လားရှိုး မြို့ထဲ ဓားပြတိုက်ချက်က ရက်ခြား တခါ ဖြစ်နေတယ်။ နေ့တိုင်းတွေ့နေရတာ။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။

နေ့ခင်းမှာတောင် ဓားပြတိုက် အနုကြိမ်း စီးတာတွေ ဖြစ်နေပြီး ရဲစခန်း နားက တိုက်တန်းလို နေရာတောင် နေ့လယ်၊ နေ့ခင်း တွေမှာတောင် ဓားပြတိုက်ခံရတာမျိုး ရှိနေတာေကြာင့် လုံခြုံမှု လုံးဝ မရှိတော့ဘူးလို့ ဆိုပါတယ်။

“မနေ့ မေလ ၇ ရက်နေ့ နေ့လယ်ကရပ်ကွက် ၁၂ အဝေယာလမ်းမှာ လူတစု ကားနဲ့လာပြီးဓားပြတိုက်သွားတယ်။ သေနတ်တွေလည်းပါတယ်။ ကားကို ဓားပြ တိုက်သွားတယ်။”

တရားခံ တယောက် ဖမ်းမိထားပြီး တခြားသူတွေ လွတ်မြောက် နေတုန်း လို့ သိရတယ်လို့ ဆိုပါတယ်။

“ဓားပြတိုက်သူတွေက အမျိုးသား ၄ ယောက်။ သေနတ် ကိုင်ထားကြတယ်။ အိမ်စီးကား တစီး ဓားပြတိုက် သွားကြတာ” လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။

ယမန်နေ့ မေလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားနာဖြစ်ပြီး လားရှိုး ရပ်ကွက် ၁၂၊ အဝေရာလမ်းက နေအိမ် တအိမ်မှာ ဖြစ်တာ လို့ သူက ပြောပါတယ်။

“ရပ်ကွက် ၃ ကြာဖြူလမ်းထိပ်နား မနက်ခင်း စက်ဘီးစီးပြီး အပြန်မှာ ဓားထောက်ပြီး ဖုန်းလုသွားတာ မြင်လိုက်ရပေမယ့် ကိုယ်ပါ အဆစ်ပါနေမှာစိုးလို့ ရှောင်ကွင်းပြီး ပြေးခဲ့ရတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ယမန်နေ့ မနက် ၁၀ နာရီခန့်ကလည်း လမ်းမှာ ဆိုင်ကယ် လုပြေးသွားတာ မြင်ခဲ့ရပြီး အောင်စေတနာဘက်မှာလည်း ညတိုင်းသူခိုးဝင် တာတွေရှိတယ်လို့ သိရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၃၀ ရက်နေ့ မနက် ၃ နာရီခန့် ကလည်း လားရှိုး၊ ရပ်ကွက် ၇ က နေအိမ်တအိမ်ကို ဝင်းတံခါး သော့ဖျက်ပြီး အိမ်တံခါးမ တံခါးခေါက် ဝင်လာခဲ့တဲ့ သူခိုး နှစ်ယောက်ကို အိမ်ရှင်နဲ့ အိမ်နီးနားချင်းတွေ ဖမ်းမိခဲ့ သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့ကလည်း လားရှိုး ရပ်ကွက် ၉၊ နယ်မြေ ၁၊ လမ်းသွယ် ၁၀ မှာ အမျိုးသား တယောက် ဓားပြတိုက် ခုတ်သတ်ခံခဲ့ရပြီး ဧပြီလ ၂၄ ရက်နေ့က ဓာတ်ပုံလာရိုက်တဲ့ မင်္ဂလာ စုံတွဲ ငွေ သိန်း ၁၀၀ နဲ့ ကားတစီး ဓားပြတိုက်ခံရကာ ဧပြီလ ၂၃ ရက်နေ့မှာလည်း ထင်းရှူးမြိုင်ဘက်သွားရာ ပါရမီလမ်းမှာ မိန်းကလေး တယောက် လုယက် ဓားခုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က MNDAA ထိန်းချုပ်ထားတဲ့ အချုပ်ထောင်ကို နိုင်ငံရေး အကျဉ်းသား နဲ့ စစ်သုံ့ပန်း မိသားစုတွေကလွဲလို့ ယခင် ပြစ်မှုမျိုးစုံနဲ့ အကျဉ်းသားဟောင်းတွေရော အကျဉ်းသား သစ်တွေပါ မကျန် ထောင်ခါ လွတ်ခဲ့ပြီးနောက် အဲဒီ အကျဉ်းထောင်က လွတ်မြောက်လာသူ တချို့က လားရှိုးမြို့မှာ အခြေပြု သွားလာနေကာ ခိုးမှု၊ လုယက် ဓားခုတ်မှု ပိုဆိုးရွားလာတာ တွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW