မေ- ၈၊ ၂၀၂၅
GG ( VOM)
ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်ပြီး ခွင့်နဲ့ပြန်လာတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ပြန်လည်ထွက်ခွာခွင့်ကို အလုပ်သမားဝန်ကြီးဌာနမှ ကြေငြာပေးမယ့် ထွက်ခွာခွင့် အမည်စာရင်းမှပါဝင်မှသာ ကိုရီးယားကိုပြန်လည်ထွက်ခွာခွင့်ရရှိမယ်လို့ အစိုးရအလုပ်အကိုင်အေဂျင်စီ POEA က မေ ၇ ရက်နေ့မှာ အသိပေးလာပါတယ်။
ဒါကြောင့် ကိုရီးနိုင်ငံကနေ မြန်မာပြည်ကို ခွင့်နဲ့ ပြန်ရောက်လာပါက အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီထံကို မပျက်မကွက်သတင်းပေးပို့ရမှာဖြစ် ပြန်လည်ထွက်ခွာရမယ့်နေရက်ကိုတော့ Safe Migiation ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ကြေငြာပေးမှာဖြစ်ကြောင်း ၊ ကြေငြာမှုမှာ နာမည်ပါမှသာ ပြန်လည်ထွက်ခွာခွင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။
” ကျွန်တော်တို့လည်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ကျန်တဲ့နိုင်ငံကနေ ပြန်လာတဲ့ ခွင့်ပြန်တွေတော့ အသက် ကန့်သန့်ချက်နဲ့ ညိသူတွေစစ်နေတယ်။ အခုက ခွင့်ပြန်တွေကို အသက်နဲ့ညိသူတွေကို ပေးမထွက်တဲ့ပြဿနာတွေရှိနေပေမယ့် ဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်တာမရှိသေးတော့ ပြောရခက်တယ်။ အခုတော့ ခွင့်ပြန်တွေကို တင်းကျပ်တဲ့အထဲ EPS လည်း ပါလာတဲ့သဘောပေါ့ ။EPS ကတော့ အစိုးရကလွှတ်တာဆိုတော့ စောင့်ကြည့်ရမယ် ။ ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ကိုင်သူကပြောပါတယ်။
ကိုရီးယားကို မြန်မာလုပ်သားစေလွှတ်မှုက အစိုးရပြည်ပအလုပ်အကိုင်ကနေ စီစဥ်ဆောင်ရွက်နေတာဖြစ်ပြီး သွားရောက်လုပ်ကိုင်ကြတဲ့ အမျိုးသားအများစုက အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အရွယ်တွေများ တယ်လို့သိရပါတယ်။
” မနေ့က သူတို့ကြေငြာတာတွေ့တယ်။ခွင့်ပြန်တွေကို အသက်ကန့်သတ်ချက်ညိသူတွေကို ပြန်ထွက်ခွင့်မပေးဘူးဆိုတာတွေကြားနေတယ်။ဒါပေမယ့် ကျွန်တော်တို့ဆီတရားဝင် အကြောင်းကြားတာမျိုးမရှိသေးဘူး။ ခွင့်ပြန်ပြီးပြန်ထွက်မယ်သူတွေက ပြန်မထွက်မီ ဝန်ကြီးဌာနကိုအကြောင်းကြားလျှောက်ရတာတော့ရှိတယ်သိပြီးသားဖြစ်မှာပါ။ ကိုရီးယားကကျအစိုးရအစီအစဥ်နဲ့လွှတ်တာကိုး။ သူတို့ကိုကျ ကင်းလွတ်ခွင့်ရတယ်ထင်မှာစိုးလို့ သူတို့ကိုလည်းအခု ကြေငြာတာလို့ထင်တယ်။ဘာလို့ဆိုသူတို့က သီးခြားကင်းလွတ်သလိုဖြစ်နေတာကိုး ။ ” လို့ MOEAF အသင်းဝင်တယောက်ကမှတ်ချက်ပြုပြောပါတယ်။
လက်ရှိမှာတော့ ကျန်တဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ပြီး ခွင့်ရက်နဲ့ မြန်မာပြည်ကို အလည်ပြန်လာတဲ့ လုပ်သားတွေထဲ ကန့်သန့်ချက်နဲ့ အကျုံးဝင်တဲ့ အသက် ၁၈ မှ ၃၅ နှစ် အရွယ်တွေကို ပြည်ပကို ပြည်လည်ထွက်ခွာခွင့်မပြုတဲ့ ပြဿနာကိုရင်ဆိုင်နေကြရ တယ်လို့သိရပါတယ်။
ဒါကြောင့် ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ အသက်ကန်ဘသတ်ချက်အကျုံးဝင်သူတွေမှာ အလုပ်မှ ခွင့်ရက်ရရှိပေမယ့်လည်း မြန်မာပြည်ကို အလည်ပြန်လာဖို့အတွက် ပြန်လာနိုင်ခြင်းမရှိဘဲ ဖြစ်နေကြရတယ်လို့သိရပါတယ်။
” ကျွန်တော်ဆို အသက်က ၃၁ ဗျာ။အင်ဂျင်နီယာဘွဲ့ရဆိုတော့ ပြောရရင်အကုန်အကျုံးဝင်နေတယ်။ ခုဒီလိုသတင်းတွေကြားရတော့ ခွင့်ရက်ရတာတောင် ပြန်မလာရဲဘူး။ပြန်လာပြီး ပြန်ထွက်မရရင် ဆုံးရှုံးနစ်နာမှုတွေရှိတယ်။ပြည်တွင်းမှာ ဝင်ငွေကောင်းတဲ့အလုပ်အကိုင်တွေမဖန်တီးပေးနိုင်ဘဲနဲ့ ပြည်ပထွက်ခွင်ကို လိုက်ပြီးတင်းကျပ်နေတာ တော်တော်ဆိုးပါတယ်။” လို့ ပြည်ပရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
ခွင့်ပြန်အလုပ်သမားတွေနဲ့ပတ်သက်ပြီး အသက်ကန့်သတ်ချက်ညိသူတွေကို ပြန်လည်ထွက်ခွာခွင့်မပြုတဲ့ကိစ္စအပေါ် မေးမြန်းရန် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူထံ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဝန်ကြီးဌာနကတော့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အသက်ကန့်သတ်ချက် အကျုံးဝင် အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ကြောင်းသာ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို တရားဝင်အသိပေးကြောင်းကြားထားတယ်လို့သိရပါတယ်။
ဓာတ်ပုံ – MOI
ကိုရီးယားက ခွင့်ပြန်လုပ်သားတွေ ထွက်ခွာခွင့်စာရင်းပါမှ ပြန်လည်ထွက်ခွာခွင့်ရတော့မယ်
