ကိုးကန့် ထိန်းချုပ်ဒေသတချို့မှာ တရုတ်ကြံကုမ္ပဏီတွေ ဝင်ရောက်လာပြီးနောက် ဒေသခံ တောင်သူတွေ အခက်ကြုံ

မေ ၉၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေ တချို့မှာ တရုတ်ကြံကုမ္ပဏီတွေ ဝင်ရောက်လာပြီးနောက် ဒေသခံ ရွှေ့ပြောင်းတောင်ယာ လုပ်သူတွေ အခက်ကြုံနေ ကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အခုက တရုတ် နိုင်ငံသား လုပ်ငန်းရှင်ေတွပိုင် ကြံ ကုမ္ပဏီတွေ ဝင်လာတော့ ကိုယ်မလုပ်ပဲ ထားတဲ့ မြေလွတ်တွေကို ကြံကုမ္ပဏီတွေကို ငှားရင် ငှားပေးရမယ်။ ငှားလည်း မငှားဘူး၊ စိုက်လည်း မစိုက်ဘူး ဆိုရင် သက်ဆိုင်ရာက သိမ်းရင် အလကား ဆုံးရှုံးရမယ်လို့ ကိုးကန့် MNDAA တွေက အစည်းဝေးမှာ ပြောတယ်။ ကျနော်တို့ ရွှေ့ပြောင်း တောင်ယာ လုပ်တဲ့ သူတွေက အဆင် မပြေဘူးလေ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တောင်ပေါ်နေ တိုင်းရင်းတွေရဲ့ ဓလေ့က တောင်ယာကို နှစ်နှစ်၊ သုံးနှစ်စိုက်ပြီး နှစ်နှစ် သုံးနှစ် အလွတ် ပြန်ထားကာ မြေဩဇာ ပြန်ဖြစ်လောက်မှ ပြန်စိုက်လေ့ ရှိတဲ့ ရွှေ့ပြောင်း တောင်ယာတွေ လုပ်ကြတယ်၊ ဓာတ် မြေဩဇာ မထိုးဘူးလို့ သူက ပြောပါတယ်။
လက်ရှိ ကြံ စိုက်တဲ့ နည်းစနစ်က မြေကို အလွတ်မထားပဲ ဓာတ်မြေဩဇာ ထိုးပြီး အရင်းအနှီး များစွာထည့်ရတဲ့ အပြင် မြေဆီပါ ပျက်သွားရတယ်လို့ ဆိုပါတယ်။
နေရာ အတော်များများမှာ တရုတ် နိုင်ငံသား လုပ်ငန်းရှင်တွေရဲ့ ကြံ စိုက်ခင်းတွေ များလာတော့ ကျွဲ၊ နွား တိရစ္တာန် ထိန်းကျောင်း ဖို့ စားကျက်မြေပါ ကျဉ်းသွားသလို လွှတ်ကျောင်းလို့လည်း မရတော့ဘူးလို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
“ကြံ ခင်းထဲ ကျွဲ၊ နွားတွေ ဝင်လို့ ကြံတွေ စားလိုက်ရင် ကြံ တပင်ကို တရုတ်ငွေ ၃ ယွမ် (ကျပ် ၁၈၀၀ ဝန်းကျင်) လျော် ပေးဖို့ သတ်မှတ် ထားတယ်။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့က အစည်းဝေး ခေါ်တိုင်း ကျွဲ၊ နွား တွေကို မလွှတ်ပဲ ကောင်းကောင်း ထိန်းသိမ်းဖို့ အမြဲပြောတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ကိုးကန့် MNDAA ထိန်းချုပ် နယ်မြေက လုပ်ငန်းရှင် ၇၀ ရာခိုင်နှုန်းခန့်ဟာ တရုတ်နိုင်ငံသားတွေ ဖြစ်နေပြီလို့ ဆိုပါတယ်။
တချို့ လယ်ေတာ၊ ယာခင်း ပိုင်ရှင်တွေက ကိုယ့်ရဲ့ လယ်ေတာ၊ ယာခင်း၊ ခြံမြေ ပတ်လည် ကြံခင်း ဖြစ်ကုန်ရင် စပါးနဲ့ တခြား သီးနှံတွေ စိုက်ပျိုးဖို့ အဆင်မပြောတော့ရာက ကြံ မစိုက်ချင်ပေမယ့် လိုက်စိုက်ရတာမျိုးလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ် တလျှောက်က ဒေသခံတွေရဲ့ ခြံမြေ၊ ယာ၊ လယ် တွေ အများစုမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေက မြေ အပြင် လုပ်သားတွေပါ ငှားရမ်းကာ ကြံတွေ စိုက်ပျိုးစေပြီး ရိတ်သိမ်း ချိန် တရုတ်ဘက် ပြန်လည် သယ်ယူနေတာ ဖြစ်ပါတယ်။
Photo:ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW