မန္တလေးတိုင်းမှာရှိတဲ့ ငလျင်ဒဏ်သင့်ဒေသက ကျောင်းတက်ကြမယ့် အတန်းငယ်ကလေးတွေအတွက် ROTARY CLUB OF MANDALAY က ကျောင်းသုံးပစ္စည်း တချို့ ထောက်ပံ့မယ်

မန္တလေး၊ မေ- ၈- ၂၀၂၅
SA(VOM)
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ငလျင်ဒဏ်သင့်ဒေသတွေက ကျောင်းပြန်တက်ကြမယ့် Grade 1 နဲ့ Grade 2 ကျောင်းသား/သူ တွေအတွက် Back to School ဆိုတဲ့အစီအစဥ်နဲ့ ROTARY CLUB OF MANDALAY က ကျောင်းသုံးပစ္စည်းတချို့ ထောက်ပံဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
“ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းပြန်မတက်ဖြစ်မှာစိုးရိမ်လို့ ကျောင်းပြန်တက်ဖို့ တွန်းအားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဥ်ကို လုပ်ဖြစ်တာ” လို့ Rotary club of Mandalay ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ နိုင်ဝင်းထက်က VOM ကိုပြောပါတယ်။
ကျောင်းသားတဦးအတွက် ကျောပိုးအိတ်၊ ခဲတံ၊ ခဲချွန်စက်၊ခဲဖျက်၊ ပေတံ၊ လေးကြောင်းမျဥ်း ဗလာစာအုပ် တဒါဇင် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
မန္တလေးတိုင်းအတွင်းက အမရပူရမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေခရိုင်၊ တံတားဦးမြို့၊ ကျောက်ဆည်မြို့နဲ့ ပျော်ဖွယ်မြို့ တွေက ကျောင်းပြန်တက်ကြမယ့် ကလေးတွေအတွက် ထောက်ပံ့ဖို့ စီစဥ်ထားတာဖြစ်တယ်လို့ပြောပါတယ်။
မန္တလေးတိုင်းအတွင်းက ကျောင်းသား/ သူ အရေအတွက် ၂၁၀၀၀ အထိ ထောက်ပံ့ဖို့ မျှော်မှန်းထားကာ အလှူငွေ ရရှိတဲ့အပေါ်မူတည်ပြီးတော့ ထောက်ပံ့မှာဖြစ်ပြီး ကနဦးအဆင့်အနေနဲ့ တံတားဦးနဲ့ အမရပူရကနေ ၅၀၀၀ စာ စပြီး ထောက်ပံ့မှာဖြစ်တယ်လို့ ဒေါက်တာနိုင်ဝင်းထက်က ပြောပါတယ်။
ငလျင်ကြောင့် မိဘတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လုံး ဆုံးရှုံးသွား တဲ့ ကလေးတွေ၊ မိဘတွေ စီးပွါးရေး ဆုံးရှုံးသွားတဲ့ ကလေးတွေ၊ ကိုယ်တိုင်ထိခိုက် ဒဏ်ရာ ရသွားတဲ့ကလေးတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ကလေးတွေအတွက် ဦးစားပေးပြီး ထောက်ပံ့မှာဖြစ်တယ်လို့သိရပါတယ်။
ကျောင်းသုံးပစ္စည်းထောက်ပံ့ဖို့ ကလေးတဦးအတွက် ၅၀၀၀၀ ကျပ်နှုန်းနဲ့ Rotary club of Mandalay ကို ဆက်သွယ်ပြီးတော့လည်း လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW