မေ ၁၃၊၂၀၂၅
SP (VOM)
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ၊ဂန့်ဂေါ – မုံရွာ ကားလမ်းပိုင်းမှာရှိတဲ့ လယ်မကျေးရွာမှာရှိတဲ့ ယောဒေသ လက်နက်ကိုင်အဖွဲ့တဖွဲ့ကို မနေ့ မေလ ၁၂ ရက် မနက်ပိုင်းက နစကတပ်ကနေ ၀င်ရောက်စီးနင်းခဲ့တယ်လို့ ဂန့်ဂေါမြို့ခံတွေဆီက သိရပါတယ်။
” မနေ့က မနက်ပိုင်း ၄ နာရီခွဲလောက်မှာ လယ်မရွာထဲကို နစက စစ်ကြောင်းတွေ၀င်ရောက်လာတယ် ၊ နောက်ပြီးရွာထဲက လူငယ်တွေကို ဖမ်းဆီးစစ်ဆေးတယ် ၊တချို့လူငယ်တွေလည်း အသတ်ခံရတာတွေရှိတယ် ၊လူ ၁၀ ယောက်ကျော် အသတ်ခံရတယ် ၊ ရွာထဲမှာ လူငယ်တချို့လည်းပျောက်ဆုံးနေဆုံးနေဆဲဖြစ်တယ်” လို့ လယ်မရွာခံတယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ လယ်မရွာမှာ PDF အဖွဲ့တွေ ရောက်နေတယ်ဆိုတဲ့ သတင်းအရ ရွာကို ၀င်ရောက်စီးနင်းပြီး နယ်မြေရှင်းလင်းခဲ့တာလို့ ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။
ဂန့်ဂေါလုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
“လယ်မရွာကို နယ်မြေရှင်းလင်းတာ အမျိုးသား ရုပ်အလောင်း ၁၃ လောင်း ၊ လက်လုပ်သေနတ် ၁၄ လက် ၊ M22 သေနတ် ၁ လက် ၊ BA ၇၂ ကျည်အိမ် ၁ ခု ၊ M22 ကျည်အိမ် ၂ ခု ၊ ကျည်မျိုးစုံနဲ့ ခဲယမ်းတွေ သိမ်းဆီးရမိတယ် ၊နောက်ပြီး လမ်းလျှောက်စကားပြောစက်တွေလည်း ပါတယ် ” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာ အရင်က မင်းရွာ နယ်မြေရဲကင်းစခန်းနဲ့ ကန်ရွာနယ်မြေရဲစခန်းဆိုတာရှိခဲ့ပေမယ့် အဲ့ဒီ ရဲစခန်းတွေကို ယောဒေသ လက်နက်ကိုင်အဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃မှာ သိမ်းခဲ့တယ်လို့ သိရပါတယ်။
ခုရက်ပိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏရှိနေတယ်လို့ သိရပါတယ်။