ဂါဇာစီးတီး၊ မေ-၁၆-၂၀၂၅
ရတီ(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၂၀ သေဆုံးသွားကြောင်း ပါလက်စတိုင်း ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသအတွက် အကူအညီတွေကို မတ် ၂ ရက်ကတည်းက ဖြတ်တောက်ပိတ်ဆို့ထားခဲ့တဲ့ အစ္စရေးကတော့ ဒီလိုပိတ်ဆို့ထားတာဟာ ဟားမတ်စ်တို့ကို ဖိအားပေးဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာရှိ ကင်ဆာနှင့် နှလုံးရောဂါ ကုသပေးနေတဲ့ နောက်ဆုံးဆေးရုံဟာ ဆိုးရွားစွာပျက်စီးသွားပြီးနောက် လုပ်ငန်းလည်ပတ်လို့ မရတော့ဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။
အစ္စရေးဟာ အကူအညီတွေကို ပိတ်ဆို့ထားတဲ့အပြင် မတ် ၁၈ ရက်မှာတော့ စစ်ဆင်ရေးတွေ ပြန်လည်စတင်ခဲ့ပြီး ဇန်နဝါရီလလယ်မှာ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ခဲ့ပါတယ်။ ဂါဇာမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေး၊ ဆေးဝါးနဲ့ လောင်စာဆီ ပြတ်လပ်လုနီးပါးအခြေအနေရောက်နေပြီလို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
ဟားမတ်စ်ကတော့ အစ္စရေးရဲ့ ရိုင်းစိုင်းတဲ့လု်ပရပ်တွေ တိုးမြင့်လာတယ်လို့ ပြောဆိုထားပြီး အစားအသောက်၊ ရေနဲ့ ဆေးဝါးတွေ လက်လှမ်းမီရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး စေ့စပ်ညှိနှိုင်းရေးကိစ္စမဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန် အင်န်ဂျီအိုတခု ထောက်ပံ့ပေးထားတဲ့ ဂါဇာလူ့အခွင့်အရေး ဖောင်ဒေးရှင်းကတော့ အစ္စရေးတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးနောက် ယခုလအတွင်း ဂါဇာမှာ လူသားချင်းစာနာမှုအကူအညီတွေ ဖြန့်ဝေမယ်လို့ ပြောပါတယ်။
ဒါပေမယ့်လည်း ကုလသမဂ္ဂတော့ ဒီအစီအစဉ်မှာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအစီအစဉ်ဟာ သမာသမတ်ကျမှု၊ ကြားနေမှု၊ လွတ်လပ်မှုအပါအဝင် အခြေခံမူတွေနဲ့ မကိုက်ညီဘဲ ပါဝင်မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Ref:CNA
Photo:Reuters