ရွှေကျင်မြို့နယ် ကျေးရွာ ၁၀ ရွာက ဒေသခံတွေ စစ်ရှောင်နေရ

မေ ၁၆ – ၂၀၂၅
SS (VOM)
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ၊ ရွှေကျင်မြို့နယ်ကို နစက က အခု မေလ ဒုတိယပတ်မှ စတင်ကာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
“လောလောဆယ်တော့ ဒေသခံတွေက နီးစပ်ရာ ရွာတွေ၊ တောထဲတွေမှာ တိမ်းရှောင်နေကြတယ်။ တောထဲမှာ စစ်ရှောင်စခန်းတွေ ရှိတယ်လေ။ အဲဒီဘက်ကို သွားကြတဲ့သူတွေလည်း ရှိတယ်။ စစ်ရှောင်ဦးရေက လတ်တလော တိုက်ပွဲ အခြေအနေတွေကြောင့် အတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့သိသလောက် ခန့်မှန်းခြေပေါ့၊ ထောင်နဲ့ချီ ရှိနိုင်တယ်။ ကျေးရွာ ၁၁ ရွာလောက် စစ်ရှောင်နေရတာ” လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာ ရွှေကျင်ဒေသရှိ ခလယ်ကော်လာ၊ ဒုံစရစ်၊ ကွီးစယ်လော်၊ ကွင်းဆိပ်၊ ခလယ်လော်စယ်၊ ရှမ်းစု၊ စံတွင်းကုန်း၊ သရက်ချောင်း၊ ဇလုတ်ကြီးနဲ့ ဝေါ်ကေ စတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ရွှေကျင်မြို့နယ်က ကျေးရွာတွေအတွင်း ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်း ညောင်ခြေတောက်၊ ဇလုတ်ကြီး၊ ညောင်သာယာ၊ ဝင်းကံနဲ့ လေးလမ်းဆုံ နေရာတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မေ ၁၃ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နှစ်ယောက် ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ငါးလုံးနဲ့ စာသင်ကျောင်း တကျောင်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် မေ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ရွှေကျင်မြို့နယ်မှာ နစကရဲ့ ခြေမြန်တပ်ရင်း (ခမရ – ၅၉၈ ၊ ၅၈၉ ၊ ၄၄၀) တပ်ရင်းတွေနဲ့ ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၈ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ – ၅၉၈) ကို သိမ်းပိုက်ခဲ့ပေမယ့် မေ ၁၁ ရက်နေ့မှာတော့ နစက က အဲဒီစခန်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“မေ ၈ ရက်နေ့မှာ ခမရ – ၅၉၈ ကို KNLA က သိမ်းလိုက်တယ်။ ဒါပေမယ့် မေ ၉ ရက်နေ့၊ ညပိုင်းမှာ နစက က ဝေါမြို့နယ်၊ သူရဲသူမိန်ရွာကနေ တဆင့် စစ်တောင်းမြစ်ကို ဖြတ်ကူးပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် မေ ၁၁ ရက်နေ့မှာ အဲဒီစခန်းကနေ KNLA တပ်တွေ ပြန်ဆုတ်ပေးခဲ့ရတယ်” လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
နစကရဲ့ မေ ၁၂ ရက်နေ့၊ နိုင်ငံပိုင်သတင်း ဖော်ပြချက်တွေမှာလည်း အမှတ် (၅၉၈) ခြေမြန်တပ်ရင်း ဌာနချုပ်ကို မေ ၁၁ ရက်နေ့၊ မနက်ပိုင်းမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က ခြောက်ယောက် သေဆုံးခဲ့ကာ လက်နက်ငယ် ၁၀ လက်၊ ခဲယမ်းနဲ့ ဗုံးသီးတွေ ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW