မေ ၁၆၊ ၂၀၂၅
Shy V (VOM)
နစက တပ်ဖွဲ့ လွှဲပြောင်းရယူ ထိန်းချုပ်ထားတဲ့ လားရှိုးမှာ စာသင်ကျောင်းတွေ အားလုံးနီးပါ ပြန်ဖွင့်မှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျောင်းပြန်ဖွင့်မယ်။ မေလ ၂၂ ရက်နေ့ကျရင် ကျောင်းအပ် လက်ခံမယ်တဲ့။ ကျောင်းတွေ အခုတော့ သန့်ရှင်းရေးတွေတော့ လုပ်နေကြပြီ။ တော်တော်တော့ ပြီးသွားကြပြီ။” လို့ ကလေးမိခင် တယောက်က ပြောပါတယ်။
တချို့ကျောင်းတွေက နည်းနည်းပါးပါး ပျက်စီးသွားတာတွေရှိပေမယ့် ကျန်တဲ့ကျောင်းတွေ မထိထားတဲ့ ကျောင်းတွေ အဓိက ထားပြီးတော့ ဖွင့်မယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။
“ကျောင်းဆရာ၊ ဆရာမ ဝန်ထမ်းတွေကိုတော့ မနေ့က မေလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လာခိုင်းထားတယ်။” လို့ သူက ရှင်းပြပါတယ်။
လားရှိုးမြို့မှာ မြို့ပေါ် ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး စာသင်ကျောင်း ပေါင်း ၃၉ ကျောင်းရှိကာ စာသင်လို့ မရအောင် လုံးဝ ပျက်စီးသွားတဲ့ ကျောင်းက ၅ ကျောင်းတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
အဲဒီ ပျက်စီးသွားတဲ့ ကျောင်း ၅ ေကျာင်းက ကျောင်းသူ၊ ကေျာင်းသားတွေက နီးစပ်ရာ ကျောင်းတွေနဲ့ တွဲပြီးတော့ တက်လို့ရမယ်လို့ သိရကြောင်း သူက ပြောပါတယ်။
လားရှိုးက တက္ကသိုလ်တွေကတော့ မဖွင့်နိုင်သေးတာကြောင့် တောင်ကြီးမှာ တက်ရအုံးမှာဖြစ်ပြီး လာမယ့်နှစ်လောက်မှ ဖွင့်ဖြစ်မယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာန ကတော့ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်မှာ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းလခ၊ မိဘ ဆရာအသင်းကြေး၊ စာရေးကိရိယာကြေးနဲ့ စာကြည့်တိုက်ကြေး အပါအဝင် မည်သည့် အခကြေးငွေကိုမမျှ လုံးဝ မကောက်ခံကြောင်း အသိပေး ထုတ်ပညန်ခားပါတယ်။
ဒါ့အပြင် သူငယ်တန်း ကနေ ပဉ္စမတန်းအထိ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ အပြင် ဗလာစာအုပ် တဒါဇင်၊ ခဲတံ ၄ ချောင်း၊ ကျောင်း ဝတ်စုံ တစုံစီ အခမဲ့ ထောက်ပံ့မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဆဌမတန်း ကနေ ဒွါဒသမတန်း အထိ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ အပြင် ဗလာစာအုပ် တဒါဇင်၊ ဘောပင် ၂ ချောင်း၊ခဲတံ ၂ ချောင်း အခမဲ့ ထောက်ပံ့မှာ ဖြစ်ကြောင်းလည်း ပါရှိပါတယ်။
Photo Crd# ဒေသခံ