ဂျာမနီနဲ့ ယူကရိန်းတို့ တာဝေးပစ်ဒုံးကျည်တွေ ပူးတွဲထုတ်လုပ်ဖို့ သဘောတူ

ဘာလင်၊ မေ-၂၉-၂၀၂၅
ရတီ(VOM)
ဂျာမနီနဲ့ ယူကရိန်းတို့ဟာ တာဝေးပစ်ဒုံးကျည်တွေ ပူးတွဲထုတ်လုပ်ဖို့ သဘောတူလိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျာမနီဝန်ကြီးချုပ် မာ့ဇ်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ဘာလင်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူခဲ့ကြတာပါ။
အနောက်အုပ်စုက အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်ပြီး ယူကရိန်းကို အရှိန်မြှင့်တိုက်ခိုက်နေတဲ့ ရုရှားကို တုံ့ပြန်ဖို့နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ရုရှားဟာ စစ်ပွဲအဆုံးသတ်ရေး အချိန်ဆွဲနေပြီး ငြိမ်းချမ်းရေးစကား ဘာမှထွက်မလာဘူးလို့ ဂျာမနီဝန်ကြီးချုပ်က ပြောပါတယ်။
ယူကရိန်းရဲ့ ကာကွယ်ရေးစွမ်းရည်အတွက် တာဝေးပစ်ဒုံးကျည်တွေ ပူးတွဲထုတ်လုပ်ဖို့ သဘောတူခဲ့တာဖြစ်ပြီး ရုရှားအပေါ် ရနိုင်သမျှ ဖိအားမျိုးစုံပေးရမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ရုရှားနိုင်ငံထဲထိ ပစ်ခတ်တိုက်ခို်ကမှုတွေမှာ ဂျာမနီထောက်ပံ့ပေးထားတဲ့ တာဝေးပစ်လက်နက်တွေကို ယူကရိန်းအတွက် အသုံးပြုခွင့်ပေးထားပါတယ်။
ဒီအစည်းအဝေးမှာ ဂျာမနီအနေနဲ့ ကီလီမီတာ ၅၀၀ ထိ ပစ်ခတ်နိုင်တဲ့ Taurus ဒုံးကျည်စနစ်တွေ ယူကရိန်းကို ထောက်ပံ့မှုနဲ့ပတ်သက်ပြီးတော့ ဂျာမနီဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ တာဝေးပစ်ဒုံးကျည်တွေ ပူးတွဲထုတ်လုပ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ရုရှားကတော့ ဝေဖန်ထားပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ပြောပါတယ်။
ဒါအပြင် ရုရှားနဲ့ ယူကရိန်းအကြား နောက်တကျော့ဆွေးနွေးပွဲကိုလည်း အနှောက်အယှက် ဖြစ်စေပါတယ်။ ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ဟာ မေ ၁၆ ရက်က တူရကီမှာ တွေ့ဆုံခဲ့ပါတယ်။
Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW