ပေါက်မြို့ဆီကို စစ်ကြောင်းဦးတည်လာတာကြောင့် ဒေသခံတွေ စစ်ဘေး တိမ်းရှောင်

ဇွန် ၈ – ၂၀၂၅
SN (VOM)
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်နယ်ကို ဦးတည်လာတဲ့ စစ်ကြောင်းကြောင့် အဲဒီ လမ်းကြောင်းတလျှောက်က ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ပခုက္ကူမြို့မှ ခြေမြန်တပ်မ (တမခ – ၁၀၁) ဟာ ပေါက်မြို့နယ်ကို ဦးတည်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ပခုက္ကူ – ပေါက် လမ်းမတလျှောက်ရှိ ကျေးရွာတွေက ဒေသခံပြည်သူ ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
“တပ်မ ၁၀၁ က ဇွန် ၁ ရက်နေ့ကတည်းက ပခုက္ကူဘက်က ထွက်လာပြီး ရှင်းလင်းရေးလုပ်တာပေါ့။ အဲဒီ စစ်ကြောင်းက ပေါက်မြို့နယ်ဘက်ကို အင်အား အလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်လာတာ။ ကားတွေပေါ်မှာလည်း ရိက္ခာပစ္စည်းတွေ တင်လာတယ်။ လမ်းကြောင်း တလျှောက်မှာ အဖမ်းအဆီးတွေလည်း ရှိတယ်။ အဲဒါကြောင့် ဒေသခံတွေ အကုန်နီးပါးပဲ၊ မိုးထဲလေထဲမှာ အရေးပေါ် တိမ်းရှောင်ကုန်ကြရတာ။ မိုးကလည်း အဆက်မပြတ် ရွာနေတော့ စစ်ရှောင် ပြည်သူတွေအတွက် မိုးကာ၊ စောင်နဲ့ ခြင်ထောင်တွေ အရေးတကြီး လိုအပ်နေတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
စစ်ကြောင်းကြောင့် ပခုက္ကူ၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက ရေမျက်၊ ညောင်ပင်လှ၊ ညောင်ဂျစ်ပင်၊ ပြည့်အိုင်၊ ရွှေလှံ၊ ငမို့ကြီး၊ ဂျိုးပျံ၊ မန်းကျည်းသုံးပင်၊ သံဘုံ၊ သမားတော်ကျေးရွာနဲ့ အနီးဝန်းကျင်ရှိ ကျေးရွာ စုစုပေါင်း ၃၀ ဝန်းကျင်က ဒေသခံတွေ တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ဇွန် ၇ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ကမ္မအနောက်ဘက်မှာ လေကြောင်း တိုက်ခိုက်မှုလုပ်တာ၊ တနေ့တည်းတင် ရှစ်ကြိမ်လောက်ရှိတယ်။ ဒီနေ့လည်း တမခ – ၁၀၁ ကနေ ရိက္ခာတွေတင်လာတဲ့ ယာဉ်တန်းက ကမ္မနဲ့ ဂျိုးပျံကျေးရွာကြားမှာ ရောက်နေတယ်။ ပေါက်မြို့နယ် (အရှေ့ပိုင်း)၊ ငမို့ကြီးကျေးရွာမှာလည်း နစကတပ်တွေ တပ်စွဲထားတာရှိတယ်။ ကင်းပတ်နေတာတွေလည်း ရှိတော့ အဲဒီ ရွာထဲကလူတွေလည်း ဘယ်သူမှ ရွာထဲ မနေရဲကြတော့ဘူး။ တစထက်တစနဲ့ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေကို တိမ်းရှောင်နေကြတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ပခုက္ကူနယ်၊ ကမ္မ (အနောက်ခြမ်း) က မန်းကျည်းသုံးပင်နဲ့ သံဘုံရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပြီး အဆောက်အအုံနဲ့ တရိစ္ဆာန်တွေလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီ တမခ – ၁၀၁ လာတဲ့ လမ်းကြောင်းတလျှောက်မှာ သူတို့က လမ်းရှင်းပေးတဲ့ သဘောပေါ့။ လေယာဉ်တွေနဲ့ရော၊ စက်တပ်လေထီးတွေနဲ့ရော လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာ။ အဲဒီယာဉ်တန်းမှာ စစ်ကားတွေအပြင် ကုန်တင်ကား၊ မြေတူးမြေကော်ကားတွေလည်း ပါတယ်။ ပေါက်မြို့နယ်က အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကို ဦးတည်နေတာ ဖြစ်နိုင်တယ်” လို့ သူက ပြောပါတယ်။
ကပစ (၂၄) ဟာ ပေါက်မြို့ (အနောက်တောင်ဘက်) ၁၀ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ သံအရည်ကျိုစက်ရုံဖြစ်ပြီး အဲဒီစက်ရုံဟာ အလူမီနီယံချောင်း အကြမ်းထည်တွေကို အဓိက ထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
ပခုက္ကူအခြေစိုက် တမခ – ၁၀၁ ဟာ ပြီးခဲ့တဲ့လတွေကလည်း ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ထဲကို မကြာခဏဆိုသလို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာကြောင့် ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW