ဇွန် ၉ – ၂၀၂၅
SS (VOM)
ဒီတပတ်မှာလည်း ကမ္ဘာ့ရွှေဈေးတွေ ဆက်လက် မြင့်တက်နေသလို ပြည်တွင်း ရွှေဈေးကလည်း လိုက်ပါ မြင့်တက်နေဆဲပါ။ အမေရိကန် ဒေါ်လာဈေးကတော့ အနည်းငယ် ပြန်ကျနေပါတယ်။
စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဆီအမျိုးအစားအားလုံး ဈေးဆက်ကျနေတာကို တွေ့ရပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စည်တချို့ ပုံမှန် အတက်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။
ဒီတပတ် ရွှေဈေးကွက်ထဲမှာတော့ ပြည်တွင်းရွှေဈေး သိန်း ၈၀ ကျော်ကို ရောက်ရှိလာတာ တွေ့ရပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကအတိုင်း ၃၃၀၀ ကျော်ဝန်းကျင်မှာ ရှိနေဆဲဖြစ်ပါတယ်။
“လက်ရှိ ပြည်တွင်းရွှေဈေးက ဒေါ်လာကြောင့်မဟုတ်ဘဲ ကမ္ဘာ့ရွှေဈေးကြောင့် မြင့်တက်နေတဲ့ သဘောပါ။ ဒီအချိန်မှာ ဒေါ်လာဈေးက ငြိမ်နေတော့ နည်းနည်း ခံသာတယ်ပြောရမယ်။ တနင်္လာနေ့ ဈေးကွက်အဖွင့်မှာလည်း ကမ္ဘာ့ရွှေဈေး ဆက်တက်နိုင်ခြေရှိနေတယ်။ ဒါကြောင့် ပြည်တွင်းရွှေဈေးလည်း အတက်ဘက်ကို ဆက်သွားနိုင်ပါတယ်။ ဈေးကွက် မငြိမ်သေးတဲ့ အခြေအနေမှာ ရောင်းမှား၊ ဝယ်မှား မဖြစ်အောင်တော့ သတိပြုဖို့ လိုပါတယ်” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ရေး၊ စီးပွားရေး အခြေအနေတွေပေါ် မူတည်ကာ အတက်အကျ ဖြစ်ပေါ်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ခန့်မှန်းရ ခက်ခဲတဲ့ အနေအထားတခုကို ရောက်ရှိနေတယ်လို့ သူက ပြောပါတယ်။
ပြည်တွင်း အခေါက်ရွှေဈေးဟာ ပြီးခဲ့တဲ့ ဇွန် ၂ ရက် (တနင်္လာနေ့) မှာ တကျပ်သား ခုနစ်ဆယ့်ခြောက်သိန်းခွဲ ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၇ ရက် (စနေနေ့) မှာတော့ ခုနစ်ဆယ့်ရှစ်သိန်း တသောင်းဝန်းကျင်နဲ့ ဈေးပိတ်ခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေးကတော့ ပြီးခဲ့တဲ့ ဇွန် ၂ ရက် (တနင်္လာနေ့) မှာ တအောင်စ ၃၃၀၈ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာပါ။ ဇွန် ၇ ရက် (စနေနေ့) မှာတော့ တအောင်စ ၃၃၁၁ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့တာ တွေ့ရပါတယ်။
လက်ရှိ နိုင်ငံခြား ငွေလဲဈေးကွက် အတွင်းမှာတော့ အမေရိကန်ဒေါ်လာဈေးက ငြိမ်သက်နေဆဲပါ။ ဇွန် ၂ ရက်နေ့အထိ တဒေါ်လာ ရောင်းဈေး ၄၄၃၀ ဝန်းကျင်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဇွန် ၃ ရက်နေ့မှာတော့ အမေရိကန် ဒေါ်လာဈေးဟာ ၄၄၄၀ ဝန်းကျင်ကို ရောက်ရှိလာပြီး အနည်းငယ် အတက်ပြခဲ့တာကို တွေ့ရပါတယ်။ ဇွန် ၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် အဲဒီ ဈေးတန်းမှာပဲ ရှိနေခဲ့တာပါ။ ဇွန် ၅ ရက်နေ့မှာတော့ ၄၄၃၀ ဝန်းကျင်ကို ပြန်လည် ရောက်ရှိလာပြီး လက်ရှိအချိန်အထိ အဆိုပါ ဈေးနှုန်းအတိုင်း ရှိနေဆဲဖြစ်ပါတယ်။
“ဒေါ်လာဈေးကတော့ ခုထိငြိမ်နေတုန်းပါပဲ။ အဲဒီလိုပဲ တခြား ငွေလဲဈေး တန်ဖိုးတွေလည်း ငြိမ်နေတယ်ပြောရမယ်။ အခုကလည်း ဈေးတက်ပြီဆိုတာနဲ့ အရေးယူတာတွေကလည်း ရှိနေတော့ သိပ်မလှုပ်ရဲကြဘူးပေါ့။ နောက်တချက်က ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေတွေ ထုတ်ရောင်းနေတာကြောင့်လည်း ပါပါတယ်။ ပို့ကုန်/သွင်းကုန် လုပ်ငန်းတွေ နှေးကွေးနေတာကလည်း အမေရိကန်ဒေါ်လာဈေးကို တည်ငြိမ်စေတဲ့ အကြောင်းရင်းတွေထဲက တခုပေါ့။ ဈေးကွက်ကတော့ ဆက်ပြီး အေးနေနိုင်ပါတယ်” လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ လက်ရှိမှာ နိုင်ငံခြား ငွေကြေးဈေးကွက် (FX Trading Platform) ကနေ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းပေးလျက်ရှိတာမှာ ငွေလဲနှုန်း ၅၄၈ ဒသမ၂၄ ကျပ်နဲ့ တရုတ်ယွမ် ငါးသိန်းရှစ်သောင်း နီးပါးကို ဇွန် ၂ ရက်နေ့မှာ ရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။ ဒါအပြင် ငွေလဲနှုန်း ၁၃၂ ဒသမ ၇၅ ကျပ်နဲ့ ထိုင်းဘတ် ၄ ဒသမ ၇၂၁ သန်းကိုလည်း ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဇွန် ၄ ရက်နေ့မှာလည်း စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ထုတ်ရောင်းပေးမယ့် ငွေပမာဏအတွက် ရည်ညွှန်း ငွေလဲနှုန်းကိုတော့ သီးခြား ဖော်ပြထားတာမျိုး မရှိခဲ့ပါဘူး။
အဲဒီ ဇွန် ၄ ရက်နေ့မှာပဲ ငွေလဲနှုန်း ၃၆၁၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာ လေးသိန်းနှစ်သောင်းကျော်ကို ဗဟိုဘဏ်က ထုတ်ရောင်းခဲ့ပါတယ်။ ဒါအပြင် ငွေလဲနှုန်း ၅၄၈ ဒသမ ၂၄ ကျပ်နဲ့ တရုတ်ယွမ် သုံးသိန်းလေးသောင်းကျော်၊ ငွေလဲနှုန်း ၁၃၂ ဒသမ ၇၅ ကျပ်နဲ့ ထိုင်းဘတ် ၂ ဒသမ ၁၁၀ သန်းကိုလည်း ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဇွန် ၅ ရက်နေ့မှာလည်း တရုတ်ယွမ် သုံးသိန်း ခြောက်သောင်းကျော်ကို ဗဟိုဘဏ်က ထပ်မံ ရောင်းချပေးခဲ့တယ်လို့ ကြေညာထားပါတယ်။ ငွေလဲနှုန်းကတော့ ၅၄၈ ဒသမ ၂၄ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ငွေကြေးဈေးကွက် အတွင်းမှာတော့ စင်္ကာပူဒေါ်လာ ၃၄၂၅ ဝန်းကျင်၊ တရုတ်ယွမ် ၆၁၅ ဝန်းကျင်၊ ထိုင်းဘတ် ၁၃၅ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၁ ဝန်းကျင်နဲ့ အရင်တပတ် ဈေးနှုန်းတွေအတိုင်း ရှိနေတာကို တွေ့ရပါတယ်။
ဒီတပတ် စက်သုံးဆီ ဈေးကွက်အတွင်းမှာလည်း ဆီအမျိုးအစားအားလုံး ဈေးဆက်ကျနေတာကို တွေ့ရပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေး ဈေးနှုန်းတွေ ငြိမ်သက်နေတာကြောင့် အပါအဝင် ကမ္ဘာ့ ရေနံစိမ်းဈေးတွေလည်း ဆက်လက် ကျဆင်းနေတဲ့အတွက် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းတွေ လိုက်ပါ ကျဆင်းနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိမှာ ကမ္ဘာ့ရေနံစိမ်းက တစည်ကို ၆၀ ဒသမ ၇၉ ဒေါ်လာဝန်းကျင် ပေါက်ဈေးရှိနေတယ်။ ကမ္ဘာ့ စက်သုံးဆီဈေးကလည်း အမေရိကန်ဒေါ်လာ ၆၀ ဝန်းကျင်လောက်နဲ့ အတက်အကျ ဖြစ်နေတယ်။ ဒါကြောင့် ပြည်တွင်း ဆီဈေးတွေလည်း ထပ်ကျနေတယ်။ ဈေးကတော့ အကျဘက်ကို ဆက်သွားမယ့်သဘောရှိတယ်” လို့ ဈေးကွက် လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဒီတပတ်အတွက် ဆီရည်ညွှန်းဈေးကို ၉၂ ဓာတ်ဆီ တလီတာ ၂၈၄၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၈၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၃၇၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၅၀ ကျပ်ဆိုပြီး ဇွန် ၆ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၈၅၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၉၁၀ ကျပ်၊ ဒီဇယ် တလီတာ ၂၄၀၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၉၇၀ ကျပ်ဆိုပြီး သတ်မှတ်ထားတာပါ။
ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၁၀ ကျပ်၊ ၉၅ တလီတာ ၁၅ ကျပ်၊ ဒီဇယ် တလီတာ ၃၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၀ ကျပ်နဲ့ အသီးသီး ဈေးကျဆင်းနေပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးတွေ ဆက်လက် ကျဆင်းလျက်ရှိပါတယ်။
ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာတော့ အသားငါးတချို့ ဈေးပြန်ကျလာတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ ကုန်စိမ်း ဈေးကွက်ထဲမှာတော့ ကုန်စည်အများစု ဈေးကျနေပါတယ်။
စားအုန်းဆီဈေးကွက်မှာ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ ဇွန် ၂ ရက်ကနေ ၈ ရက်နေ့အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးကို တပိဿာ ၆၃၁၀ ကျပ်အဖြစ် သတ်မှတ်ထားတာပါ။ အရင်တပတ်ကထက် ဈေးနှုန်း ၈၀ ကျပ် ထပ်မံ ကျဆင်းနေတာ ဖြစ်ပါတယ်။
စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကနေ မြန်မာနိုင်ငံကို CIF စနစ်အရ တင်သွင်းနေတဲ့ စားအုန်းဆီ တတန်ဈေးနှုန်းဟာ ၂၀၂၅ ခုနှစ်၊
ဇန်နဝါရီလမှ စတင်ကာ ဆက်တိုက် ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်တွင်း တပိဿာ လက်ကား ရည်ညွှန်းဈေးဟာလည်း အဆိုပါ ငါးလတာကာလအတွင်း ၈၉၀ ကျပ် ကျဆင်းလာတယ်လို့ သိရပါတယ်။
ပြင်ပဈေးကွက်ရဲ့ စားသုံးဆီဈေးကတော့ ကျပ် တသောင်းကနေ တသောင်းနှစ်ထောင် ဝန်းကျင်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကလည်း ကျပ် ၇၀၀၀ ဝန်းကျင်မှာ ရှိနေဆဲပါ။
ဈေးကွက်မှာ ဆန်ဈေးနှုန်းတွေက အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဆင်းသွယ် (အသစ်) တအိတ် ကိုးသောင်း လေးထောင်ကျပ်၊ ဇီယာ (ရှယ်) တအိတ် ကျပ် ရှစ်သောင်း ဝန်းကျင်မှာ ရှိနေပါတယ်။ ဆန်ချောကတော့ ရွှေဘိုပေါ်ဆန်း တအိတ် တသိန်းခြောက်သောင်းကျပ်၊ ဖျာပုံပေါ်ဆန်း (ထူးရှယ်) တအိတ် တသိန်းနှစ်သောင်း ကိုးထောင်ကျပ် ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် ကြက်ဥ၊ ဘဲဥ ဈေးတွေကလည်း ပုံမှန် အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံး ၅၀၀ ကျပ်ကနေ ၆၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥ ဈေးကလည်း အရွယ်အစားအလိုက် တလုံး ၅၅၀ ကျပ်ကနေ ၇၀၀ ကျပ်ဝန်းကျင်အထိ ရှိနေဆဲ ဖြစ်ပါတယ်။
ကုန်ခြောက်ဈေးကွက်မှာ အာလူးက အရင်တပတ် ဈေးနှုန်းအတိုင်း ရှိနေပါတယ်။ တပိဿာ ကျပ် ၆၀၀၀ ဝန်းကျင်ဈေး ဖြစ်ပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ဈေးတွေကတော့ ပြန်ကျနေပါတယ်။
ကြက်သွန်နီ အမျိုးအစားအလိုက် တပိဿာ ၁၅၀၀ ကျပ်ကနေ ၂၆၀၀ ကျပ်ဝန်းကျင်မှာ ရှိနေပါတယ်။ ကြက်သွန်ဖြူကတော့ အမျိုးအစားအလိုက် တပိဿာ တသောင်း နှစ်ထောင်ကျပ်ကနေ ကျပ် တသောင်းခွဲ ဝန်းကျင်မှာ ရှိနေပါတယ်။
ကုန်စိမ်း ဈေးကွက်မှာတော့ ဂေါ်ဖီထုပ် တထုပ် ကျပ် ၂၀၀၀ ဝန်းကျင်၊ ပန်းဂေါ်ဖီ အပွင့်ကြီး တပွင့် ၃၀၀၀ ကျပ်ဝန်းကျင်၊ ပန်းဂေါ်ဖီစိမ်း တပွင့် ကျပ် ၃၀၀၀ ဝန်းကျင်နဲ့ အရင်တပတ်ဈေးအတိုင်း ရှိနေဆဲပါ။
တရုတ်ကန်စွန်းရွက် တစည်း ၇၀၀ ကျပ်၊ ရိုးရိုး ကန်စွန်းရွက် တစည်း ၃၀၀ ကျပ်ဝန်းကျင်နဲ့ ဈေးပြန်ကျနေပါတယ်။ ခရမ်းချဉ်သီးကတော့ တပိဿာ ၄၀၀၀ ကျပ် ဝန်းကျင်နဲ့ အရင်တပတ် အတက်ဈေးအတိုင်း ရှိနေပါတယ်။
အသားငါးဈေးကွက်မှာ ငါး၊ ပုစွန်ဈေးတွေ ပြန်ကျနေပါတယ်။ ငါးမြစ်ချင်း တပိဿာ ကျပ် ၁၆၀၀၀ ဝန်းကျင်၊ ငါးကြင်း တပိဿာ နှစ်သောင်းတထောင်ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။ ပုစွန်ဈေးတွေကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် နှစ်သောင်းခွဲကနေ ငါးသောင်းခွဲ ဝန်းကျင်မှာ ရှိနေပါတယ်။
ဈေးကွက်မှာ ကြက်သားဈေးတွေ ဆက်ကျလာပြီး တပိဿာ ကျပ် နှစ်သောင်းဝန်းကျင်ဈေး ဖြစ်လာပါတယ်။ ဝက်သားဈေးကတော့ တပိဿာ ကျပ် သုံးသောင်းခွဲဝန်းကျင်မှာ ရှိနေဆဲ ဖြစ်ပါတယ်။
အမဲသားကတော့ တပိဿာ ကျပ် သုံးသောင်း နှစ်ထောင်ဝန်းကျင်နဲ့ ဈေးအနည်းငယ် ပြန်ကျနေတာကို တွေ့ရပါတယ်။ ဆိတ်သားကတော့ တပိဿာ ကျပ် လေးသောင်း ခုနစ်ထောင်ဝန်းကျင်နဲ့ အမြင့်ဈေးအတိုင်း ရှိနေပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်ပါတယ်။
Photo:CJ