မိုးဗြဲမြို့တမြို့လုံးကို နစက ပြန်လည်ထိန်းချုပ်ပြီး နယ်မြေ ဆက်လက်ရှင်းလင်းနေ

ဇူလိုင် ၇၊၂၀၂၅
နွယ်နီ/VOM
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့ကို နစက တပ်က ဇွန်လကုန်ပိုင်းမှာ သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲမြို့ရပ်ကွက်အားလုံးကို နစက တပ်က အပြည့်အဝ ထိန်းချုပ်လိုက်ပြီးပြီလို့ မိုးဗြဲဒေသခံ တဦးက ပြောပါတယ်။
“ရပ်ကွက်အားလုံးကို တပ်က ပြန်ရသွားပြီ။ မြို့ပတ်လည်မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။”
နစက တပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမှုကြောင့် မိုးဗြဲမြို့ကို ထိန်းချုပ်ထားတဲ့ KNDF အပါအဝင် တပ်​ပေါင်းစု​တွေ မိုးဗြဲမြို့ကနေ ဆုတ်ခွာ သွားခဲ့တယ်လို့ ဒေသခံ​တွေက ပြောပါတယ်။
နစက ဘက်ကလည်း KNDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့​တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ခြောက်လတာ ထိုးစစ်ဆင်ပြီးနောက် သိမ်းပိုက်ရန်ကျန်တဲ့ မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်ကို ဇူလိုင် ၅ ရက်နေ့တွင် အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ပါတယ်။
“ထိုးစစ်ဆင်သည့် ကာလတစ်လျှောက်တွင် တိုက်ပွဲ အကြီးအကျယ် အကြိမ်ရေ ၆၁၅ ကြိမ်အထိ ဖြစ်ခဲ့ပြီး အလောင်း ၂၄ လောင်းနှင့် လက်နက်မျိုးစုံ ၆၃ လက်အား သိမ်းဆည်း ရမိခဲ့ကြောင်း” နစက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိတွင် မိုးဗြဲ–လွိုင်ကော် လမ်းမကြီးအား ဆက်လက် နယ်မြေရှင်းလင်းနေတယ်လို့ နစက ဘက်က ဆိုပါတယ်။
မိုးဗြဲမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကယားပြည်နယ်အခြေစိုက် KNDF တော်လှန်ရေး တပ်ဖွဲ့နဲ့ နယ်မြေခံ တော်လှန်ရေးတပ်​တွေက သိမ်းပိုက်ခဲ့ပြီး ခမရ–၄၂၂ တပ်စခန်းတစ်ခု ကိုသာ နစက တပ်က ထိန်းချုပ်ထားနိုင်ခဲ့တာပါ။
၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ နစက တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက မိုးဗြဲ–ပင်လောင်း လမ်းမကြီးတစ်လျှောက် ထိုးစစ် ပြန်ဆင်ခဲ့ပြီးနောက် ခြောက်လအကြာမှာ အခုလို မိုးဗြဲမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW