ဇူလိုင် ၁၇ – ၂၀၂၅
SN (VOM)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ၄ မိုင်၊ ၅ မိုင်နဲ့ ၆ မိုင်ရွာတွေမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာရှိ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ – ၂) အတွင်း တပ်စွဲထားတဲ့ နစကတပ်တွေဟာ ဧရာဝတီမြစ်ကမ်း၊ သပိတ်ကျင်းမြို့ဘက်ကို ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့အတွက် အဆိုပါ ကျေးရွာတွေမှာ တိုက်ပွဲ ပြင်းထန်နေတာလို့ သိရပါတယ်။
“သပိတ်ကျင်းကို နစက သိမ်းတယ်ဆိုတာ မဟုတ်ပါဘူး။ ခုချိန်ထိတော့ တိုက်ပွဲ ပြင်းထန်နေတုန်းပါပဲ။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ရွာတွေက လက်နက်ကိုင်တပ်တွေ ပြန်ပေးလိုက်ရတဲ့ ရွာတွေပေါ့။ ဒါတွေကို ပြန်ရဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာ။ နစကဘက်ကလည်း ဒီစခန်းတွေကနေ တဆင့် မြို့ပေါ်ကို ရောက်နိုင်ဖို့ ကြိုးစားနေတယ်။ လက်ရှိ အချိန်အထိတော့ မြို့ပေါ်ကို နစကတပ်တွေ ခြေမချနိုင်သေးပါဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပါ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
နစကတပ်ရဲ့ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ၆ မိုင်နဲ့ ၅ မိုင် ကျေးရွာကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းက လက်လွှတ်လိုက်ရတာဖြစ်ပြီး ၄ မိုင် ကျေးရွာကိုတော့ ဇူလိုင် ၁၂ နေ့ရက်က လက်လွှတ်ခဲ့ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
သပိတ်ကျင်းမြို့ကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက ကိုးရက်ကြာ တိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“သပိတ်ကျင်းမြို့ကို လက်နက်ကိုင်တပ်တွေ သိမ်းတယ် ဆိုတာက တမြို့လုံးကို သိမ်းနိုင်တာမဟုတ်ဘူး။ တန်းမြင့် လေ့ကျင်းရေးကျောင်း အမှတ် (၁၃)၊ ၇ မိုင်နဲ့ ကျောက်ကြီးရွာ တပ်စခန်းတွေ ကျန်ခဲ့တယ်။ အဲဒီစခန်းတွေကနေပြီး နစကတပ်က ခြေကုပ်ယူပြီး မြို့ပေါ်ကို ပြန်ပြီး ခြေချနိုင်ဖို့ ထိုးစစ်ဆင်လာတာ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲကနေ ဆုတ်ခွာလာတဲ့ နစကတပ်ဖွဲ့ဝင်တွေဟာ ၇ မိုင်က လျှပ်စစ်အင်ဂျင်နီယာ တပ်စခန်းနဲ့ သပိတ်ကျင်းမြို့နဲ့ ၂၆ မိုင်ခန့် ကွာဝေးတဲ့ တွင်းငယ်ကျေးရွာက အမှတ် (၁၃) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက – ၁၃) မှာ သွားရောက် ပူးပေါင်းခဲ့သလို နစက က စစ်ကူပို့တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပါ ပူးပေါင်းပြီး ခံစစ် ပြင်ဆင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နစကဟာ မန္တလေးတိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ ဧရာဝတီမြစ်ရိုးအတိုင်း ရေကြောင်းကို အသုံးပြုကာ တပ်သားအင်အား ဖြည့်တင်းတာနဲ့ လက်နက်၊ ရိက္ခာ ထောက်ပို့တာတွေ ပြုလုပ်နေတာလို့ သူက ပြောပါတယ်။
လက်ရှိမှာ နစကတပ်ဟာ သပိတ်ကျင်းမြို့ အရှေ့ဘက်၊ ၄ မိုင်ခန့်အကွာက ကံသာရွာကို ရောက်ရှိနေပြီး မြို့နဲ့ နီးကပ်လာပြီ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ နစက စစ်ရေး သတင်းရင်းမြစ်တွေရဲ့ မနေ့ ဇူလိုင် ၁၆ ရက်၊ အသိပေး ဖော်ပြချက်မှာတော့ သပိတ်ကျင်း ၄ မိုင်ကနေတဆင့် သပိတ်ကျင်းမြို့အတွင်းကို နစကစစ်ကြောင်းတွေ ဝင်ရောက်လာပြီး သပိတ်ကျင်းဆေးရုံကြီးကို စတင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကာ မကြာခင် သပိတ်ကျင်းမြို့ တမြို့လုံးကို နစကတပ်တွေက သိမ်းယူနိုင်တော့မှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
နစက ပြန်ကြားရေး တာဝန်ရှိသူတွေနဲ့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေကတော့ သပိတ်ကျင်းမြို့ရဲ့ လက်ရှိ စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းမှ စတင်ပြီး သပိတ်ကျင်းမြို့နယ်အတွင်း နစကတပ်နဲ့ လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ နစကဘက်က မြေပြင် စစ်ကြောင်းအပြင် လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း ပစ်ကူတွေနဲ့ပါ တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံအများအပြား နေရပ် စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
Photo – CJ