တရုတ်ရဲ့ တိုက်ခိုက်နိုင်ခြေကြောင့် ထိုင်ဝမ်မှာ အရပ်ဘက်ကာကွယ်ရေး လေ့ကျင့်မှု ပြုလုပ်မယ်

တိုင်ပေ၊ ဇူလိုင်-၁၇-၂၀၂၅
ရတီ(VOM)
တရုတ်နိုင်ငံရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိုင်ဝမ်မှာ အကြီးဆုံး အရပ်ဘက်ကာကွယ်ရေး လေ့ကျင့်မှုကို ဒီကနေ့ပြုလုပ်မှာ ဖြစ်ပြီး လေ့ကျင့်မှုအတွင်း ပို့ဆောင်ရေးအပါအဝင် လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။
မြို့တော် တိုင်ပေနဲ့ အနီးတဝိုက်ဒေသတွေမှာ နာရီဝက်တကြိမ် လေကြောင်းရန် အချက်ပေးဥဩသံတွေ ထွက်ပေါ်လာမှာဖြစ်ပြီး ဒေသခံတွေအနေနဲ့ အိမ်တွင်းမှာ ခိုလှုံကြရမှာဖြစ်ပြီး ယာဉ်သွားလာမှုတွေကိုလည်း ရပ်တန်ရမှာဖြစ်ကာ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတွေလည်း လေ့ကျင့်ကြမှာဖြစ်ပါတယ်။
လေ့ကျင့်စဉ်အတွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ စျေးဆိုင်တွေအားလုံးပါ ပိတ်သိမ်းရမှာဖြစ်သလို ယာဉ်တွေကိုလည်း ရပ်ပြီး ခိုလှုံရာနေရာတွေကို သွားရောက်ကြရတဲ့ လေ့ကျင့်မှုတွေလည်း ပါဝင်ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ စျေး၊ ဘုရားကျောင်း၊ မြေအောက်ဘူတာနဲ့ အဝေးပြေးလမ်းမကြီး စတဲ့နေရာတွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးကြမှာဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုဟာ ထိုင်ဝမ်ရဲ့ နှစ်စဉ်အကြီးစား စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ဟန်ကောင်းလေ့ကျင့်ခန်းနဲ့အတူ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်တွေဟာ အရပ်ဘက်နဲ့ စစ်ဘက် ကာကွယ်ရေးကို ပိုမိုတိုးမြှင့်လာတာပါ။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပို်ငဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးမှာ လိုအပ်ရင် အင်အားသုံးမယ်လို့ ဆိုထားပါတယ်။
တရုတ်က ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားတဲ့ ထိုင်ဝမ်သမ္မတ ဝီလျံလိုင် ရွေးကောက်ပွဲအနိုင်ရ သမ္မတဖြစ်လာပြီးနောက် တင်းမာမှုတွေ ပိုမိုမြှင့်တက်ခဲ့ပါတယ်။ တရုတ်စစ်ဟာ ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှုတွေအပြင် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေး စိစစ်ဇုန်ကို တိုက်လေယာဉ်တွေ ပျံသန်းတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး တရုတ်က ဝေဖန်ရှုတ်ချထားပြီး အမေရိကန်နဲ့ ထိုင်ဝမ်အရေးမှာ ပါဝင်စွက်ဖက်ခြင်းမပြုဖို့ တိုက်တွန်းထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW