ဇူလိုင် ၂၂ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် (အနောက်ခြမ်း) မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံ လူဦးရေ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှ စတင်ကာ နစက က အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတာဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့မှာတော့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ငါန်းဇွန်နယ် (အနောက်ခြမ်း) ရှိ ပေါက်တော၊ သပြေသာ၊ နတ်ကြီး၊ လက်ပကျင်း၊ ရွာတန်းရှည်၊ ညောင်ပင်ရိုး၊ ကျင်းသာ၊ ကုန်းလည်၊ မကြီးကြပ်၊ ဖောင်းကတော၊ ညောင်လေးပင်၊ ရွာဘို (တောင်-မြောက်)၊ သပြေကန်၊ ဆပ်ပျာကျင်း စတဲ့ ကျေးရွာတွေနဲ့ ငါန်းမြာကြီးအုပ်စုက ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“နစက က ဇူလိုင် ၈ ရက်ကစပြီး သာလွန်အင်အားနဲ့ နယ်မြေရှင်းလင်းရေး လုပ်လာတာ။ မြို့သာ၊ ငါန်းဇွန်နဲ့ ငါန်းမြာကြီးဘက်ကနေ ငါန်းဇွန် အနောက်ခြမ်းကို သုံးဖွဲ့ ညှပ်ပြီး နယ်မြေရှင်းလင်းရေး လုပ်တာ။ ကုန်းလည်နဲ့ သပြေသာ အဲဒီရွာနှစ်ရွာက အိမ်တွေဆို အကုန်လုံးနီးပါး ပျက်စီးတယ်။ ဇူလိုင် ၉ ရက်နေ့မှာ တိုက်ပွဲ စဖြစ်တယ်။ အခုဆို တိုက်ပွဲက ၁၀ ကျော် ကြာလာပြီပေါ့” လို့ ကူညီပေးနေသူက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ တခြားသော ဘေးလွတ်ရာ နယ်မြေတွေဘက်ကို တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“လတ်တလော လုံခြုံရေး အခြေအနေအရ ဘယ်နေရာတွေကို တိမ်းရှောင်နေရတယ် ဆိုတာတော့ ပြောလို့မရသေးဘူး။ လတ်တလော စစ်ရှောင်တွေ အတွက်က စားနပ်ရိက္ခာ အဓိက လိုအပ်နေတာပေါ့။ ပြီးတော့ ဆေးဝါးတွေလည်းလိုတယ်။ မိုးတွင်းကာလလည်း ဖြစ်တယ်ဆိုတော့ အမိုးအကာ လုံလုံလောက်လောက်လည်း လိုပါတယ်။ ဒါကြောင့် အားလုံး ဝိုင်းဝန်းကူညီပေးစေချင်ပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိအချိန်အထိ ငါန်းဇွန်မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ စက်မှုဇုန်နဲ့ ဂွေးကုန်းရွာကြားမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေက နစကစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အတွက် နစကတပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းလက်နက်ကိုင်တပ်က သတင်း ထုတ်ပြန်ထားပြီး နစက သတင်းတွေရဲ့ ရေးသား ဖော်ပြချက်မှာတော့ ဒီဖြစ်စဥ်ဟာ သတင်းမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ဇူလိုင် ၁၅ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်ထဲက ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စခန်းတခုကို နစက ပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် လေးယောက် သေဆုံးခဲ့တယ်လို့ လက်နက်ကိုင်တပ်တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နစက စစ်ရေး သတင်းရင်းမြစ်တွေဘက်ကလည်း အဆိုပါစခန်း ဝင်ရောက် တိုက်ခိုက်မှုမှာ လက်နက်ကိုင် တပ်ဖွဲ့ဝင် ရုပ်အလောင်း နှစ်လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသား ဖော်ပြကြပါတယ်။
မန္တလေးတိုင်းအတွင်းမှာ ငါန်းဇွန်မြို့နယ်အပြင် မတ္တရာ၊ စဉ့်ကူး၊ နွားထိုးကြီး၊ ပုသိမ်ကြီး၊ မိုးကုတ် စတဲ့ မြို့နယ်တွေမှာလည်း တိုက်ပွဲ ဖြစ်ပွားမှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေပြီး ဒေသခံပြည်သူ အများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Photo – CJ
