ဘန်ကောက်၊ ဇူလိုင်-၂၅-၂၀၂၅
မျိုးဆက်(VOM)
ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ စစ်ပွဲဖြစ်ဖို့ထိ ဦးတည်သွားနိုင်ကြောင်း ထိုင်းအစိုးရက ဒီကနေ့မှာ သတိပေးလိုက်ပြီး နှစ်ဖက်အကြား တိုက်ခိုက်မှုတွေဟာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ပြင်းထန်နေပါတယ်။
နှစ်နိုင်ငံစစ်တပ်တွေကြား တိုက်ပွဲတွေ ဒုတိယနေ့ထိ ဆက်ဖြစ်နေပြီး ထိုင်းဘက်မှာ လူ ၁၆ ယောက်အထိ သေဆုံးကာ နှစ်နိုင်ငံနယ်စပ်ဒေသက ဒေသခံသိန်းချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။
ဒီတိုက်ပွဲတွေဟာ ရာစုနှစ်ကျော်ကြာ တည်ရှိခဲ့တဲ့ နယ်နိမိတ်အငြင်းပွားမှုကနေ ပိုမိုကြီးမားတဲ့ ပဋိပက္ခအဖြစ် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ အမေရိကန်၊ တရုတ်၊ ဩစတြေးလီးယားနဲ့ အာဆီယံအဖွဲ့တို့က တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက နယ်စပ်နဲ့ကပ်လျက်ရှိတဲ့ ပြည်နယ် လေး ခုက ပြည်သူ တသိန်းကျော်ကို ယာယီခိုလှုံရေး စခန်း ၃၀၀ နီးပါးမှာ ရွှေ့ပြောင်းထားကြောင်း ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ သေဆုံးသူဦးရေ ၁၆ ယောက်ထိ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အရပ်သား ၁၅ယောက်နဲ့ စစ်သား တယောက်ပါဝင်ပါတယ်။
နယ်စပ်ကနေ ၂၀ ကီလိုမီတာအကွာရှိ ကမ္ဘောဒီးယားမြို့ဖြစ်တဲ့ ဆမ်ရောင်းမှာ အမြောက်သံတွေ ကြားရကြောင်း ဒေသခံတွေက ဆိုပါတယ်။ အချို့မိသားစုတွေက ကလေးတွေနဲ့ ပစ္စည်းတွေကို ယာဉ်တွေပေါ် တင်ပြီး ထွက်ပြေးနေကြပါတယ်။
နိုင်ငံတကာ တရားရုံးက ကမ္ဘေဒီးယားကို ပိုင်ဆိုင်ခွင့်ပြုထားတဲ့ နယ်စပ်ရှိ Preah Vihear ဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ ထိုင်းစစ်တပ်က ပယ်ချထားပြီး ရှုတ်ချလိုက်ပါတယ်။
ထိုင်းစစ်တပ်ကတော့ ကြာသပတေးနေ့က တိုက်ပွဲတွေဟာ ရှေးဟောင်းဘုရားကျောင်းနေရာနှစ်နေရာ အပါအဝင် နေရာ ခြောက် ခုမှာ ဖြစ်ပွားခဲ့ပါတယ်။ တင့်ကားတွေနဲ့ အားဖြည့်ထားတဲ့ ကြည်းတပ်တွေက နယ်မြေထိန်းချုပ်ရေးအတွက် တိုက်ခိုက်နေချိန်မှာ ကမ္ဘောဒီးယားက ဒုံးကျည်၊ အမြောက်တွေနဲ့ ထိုင်းဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းဘက်ကလည်း F-16 တိုက်လေယာဉ်တွေနဲ့ နယ်စပ်တလျှောက် စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးကတော့ ပစ်ခတ်မှုတွေ စတင်ခဲ့တာနဲ့ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲနေပါတယ်။
ဒီပဋိပက္ခမဖြစ်ခင်က အကြောင်းကတော့ အငြင်းပွားဖွယ်နယ်စပ်မှာ မကြာသေးခင်က ချထားတဲ့ မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သား တယောက် ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီးနောက် ထိုင်းဘက်က သူတို့ရဲ့သံအမတ်ကြီးကို ပြန်ခေါ်လိုက်ပြီး ကမ္ဘောဒီးယားသံအမတ်ကိုလည်း နှင်ထုတ်မယ်လို့ ကြေညာခဲ့ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မိုင်ပေါင်း ၈၁၇ မိုင်ရှည်လျားတဲ့ နယ်စပ်မျဉ်းမှာ နှစ်ပေါင်း အငြင်းပွားမှုတွေရှိနေခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ်က တပတ်ကြာ စစ်ရေးပဋိပက္ခတွေ ဖြစ်ခဲ့ဖူးပါတယ်။
Ref:BBC