ဂရိ တောမီးလောင်ကျွမ်းမှု ဥရောပသမဂ္ဂကို အကူအညီတောင်းခံ

အေသင်၊ ဇူလိုင်-၂၇-၂၀၂၅
ရတီ(VOM)
ဂရိနိုင်ငံမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေကြောင့် အေသင်မြို့မြောက်ဘက် ၃၀ ကီလိုမီတာအကွာ ဒေသက ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းနေရပြီး တောမီးငြှိမ်းသတ်ရေးအတွက် ဥရောပသမဂ္ဂဆီကနေ အကူအညီတောင်းခံထားပါတယ်။
ပြင်းထန်တဲ့ အပူလှိုင်းကြားမှာ ဖြစ်ပွားနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ မီးသတ်သမားရာနဲ့ချီပြီး ဖြန့်ကြက်ထားပါတယ်။ တနင်္ဂနွေနေ့မှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
“မီးသတ်သမားတွေ ဒဏ်ရာရနေပါပြီ။ အသက်အန္တရာယ်ရှိနေတယ်။ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးနေတယ်။ သစ်တောတွေ ပျက်စီးနေတယ်” လို့ ဂရိရဲ့ ရာသီဥတုအရေးပေါ်နှင့် ပြည်သူ့ကာကွယ်ရေးဝန်ကြီး Giannis Kefalogiannis က ပြောပါတယ်။
လေပြင်းနဲ့ အပူချိန်မြင့်တက်မှုတွေကြောင့် မီးလောင်မှုက ပိုဆိုးလာခဲ့ပါတယ်။ ဂရိနိုင်ငံက ဥရောပသမဂ္ဂထံမှ မီးသတ်လေယာဉ် ခြောက်စင်း အကူအညီတောင်းခံထားပါတယ်။ အေသင်မြို့တည်ရှိရာ Attica ဒေသမှာ စနေနေ့က Afidnes မှစတင်တဲ့မီးဟာ Drosopigi၊ Kryoneri နဲ့ Agios Stefanos တို့ဆီ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ပါတယ်။
မီးသတ်ဌာနက အဓိကမီးလောင်မှုတွေကို ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပေမယ့် နေရာအသီးသီးမှာတော့ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး ရဟတ်ယာဉ်တွေနဲ့ မီးသတ်သမား ၂၀၀ ကျော် ဆက်လက်ငြှိမ်းသတ်နေပါတယ်။
မီးလောင်မှုတွေကြောင့် ကျေးရွာအချို့မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်နေပါတယ်။
မီးသတ်သမား ခြောက်ယောက် မီးလောင်ဒဏ်ရာနဲ့ မီးခိုးငွေ့မှုမိတာတွေကြောင့် ဆေးရုံတင်ထားရပြီး မီးလောင် ပျက်စီးဆုံးရှုံးမှုက မတွက်ချက်နိုင်အောင် ဖြစ်နေတယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်းကလည်း ဂရိရဲ့ ပဉ္စမမြောက်အကြီးဆုံးကျွန်းဖြစ်တဲ့ Chios ကျွန်းမှာ တောမီးကြောင့် ဟတ်တာ ၄၇၀၀ ပျက်စီးခဲ့ပါတယ်။ ဇူလိုင်လကလည်း Crete ကျွန်းတောမီးကြောင့် ကမ္ဘာလှည့်ခရီးသွား ၅၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW