ဩဂုတ် 6 – ၂ဝ၂၅
KKO(VOM)
ရန်ကုန်မြို့မှာ အဆောင်လခဈေးနှုန်းတွေကြီးမြင့်လာလို့ အဆောင်ငှားရမ်းနေသူထိုင်ပြီး အလုပ်လုပ်ကိုင်နေကြရတဲ့ လူငယ်အများစုအခက်တွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။
လက်ရှိခေတ်ကာလအခြေအနေအရ ရန်ကုန်မြို့မှာ အိမ်ငှားရမ်းခဈေးနှုန်းတွေမြင့်တက်လာမှုနဲ့ အတူ အဆောင်ငှားရမ်းခနှုန်းထားတွေဟာလည်း တစနဲ့တစဆိုသလိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒီလိုအဆောင်ငှားရမ်းခနှုန်းထားတွေမြင့်မားလာလို့ အခြေခံပြည်သူအများစု အပါအဝင် လုပ်ခလစာနည်းဝန်ထမ်းတွေ နယ်ဘက်ကနေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့သူတွေအများစု အခက်တွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ရန်ကုန်မြို့ရဲ့အဆောင်ငှားရမ်းခနှုန်းထားတွေက လူတကိုယ်စာ ၅ ပေ ၈ ပေ အခန်းတခန်းကို ငွေကျပ် ၉ သောင်းလောက်အထိ ပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ရန်ကုန်မြို့ရဲ့အချက် အချာကျတဲ့ လူစည်ကားတဲ့ မြို့နယ်တွေဆိုပါက အဆောင်ငှားရမ်းခနှုန်းထားက တလကို ငွေကျပ်တစ်သိန်းကျော်လောက်အထိပေါက် ဈေးရှိနေတယ်လို့ အဆောင်ငှားရမ်းနေထိုင်သူတွေက ပြောပါတယ်။
“အဆောင်လခတွေစျေးကြီးတာတခုတော့စိတ်ညစ်နေရတယ်။အရင်က ၅ သောင်း ၊၆ သောင်းလောက်ပဲရှိတာ အခုက ၉ သောင်းဆိုတော့များလွန်းတယ်။ ၅ ပေလောက်အခန်းလေးကိုအဲလောက်အထိပေးနေရတယ်။၅ ပေ ၈ ပေလောက်ပဲရှိတဲ့အခန်းကို ၉ သောင်းကများလွန်းနေတယ်”လို့ နယ်ဘက်ကနေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ လူငယ်တယောက်က VOM ကို ပြောပါတယ်။
ရန်ကုန်မြို့မှာ အနယ်နယ်အရပ်ရပ်က လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ ပြည်တွင်းရွှေ့ပြောင်းအလုပ် သမားတွေများစွာရှိနေပြီး သူတို့ အတွက် မြို့ပြမှာ နေရေးထိုင်ရေးက များစွာအခက်အခဲရှိနေတာဖြစ်တယ်လို့ အလုပ်သမားရေးရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက အခုလို ဆက်ပြီး ပြောပြခဲ့ပါတယ်။
“ရန်ကုန်မှာက အနယ်နယ်အရပ်ရပ်က လာရောက်ပြီး အလုပ်လုပ်ကိုင်ကြတဲ့သူတွေများပါတယ်။သူတို့ကို ပြည်တွင်းမှာရွှေ့ပြောင်းသွားလာနေကြတဲ့ လုပ်သားတွေလို့ ပြောလို့ရတယ်။သူတို့အတွက် ပထမအခက် အခဲက နေရေးထိုင်ရေးအခက်အခဲပါပဲ။နေထိုင်ရေးအတွက် အခက် အခဲကအတော်လေးရှိနေတာတွေ့ရတယ်။အဲဒါကြောင့် ရန်ကုန်မှာ ကျူးဆိုတာတွေအများကြီးဖြစ်လာတယ်။ဒါကလည်း အတော်လေးကိုခေါင်းခဲစရာဖြစ်တယ်။ဒါကြောင့်ဒီလိုရွှေ့ပြောင်းသွားလာတဲ့ ပြည် တွင်းကလုပ်သားတွေအတွက် အငှားအိမ်ရာတွေကိုများများဖော်ဆောင်ပေးတာတွေ သူတို့နေထိုင်ရေးအတွက် အစိုးရ(သို့မဟုတ်) အလုပ်ရှင်ဘက်က စီစဉ်ဆောင်ရွက်ပေးတာတွေလုပ်ဆောင်ပေးသင့်တယ်။နောက်ပြီး သူတို့နေ့စဉ်အလုပ်သွားလာဖို့အတွက် သယ်ယူပို့ဆောင်ရေးစနစ်က ဒါတွေကအစလိုအပ်ချက်တွေများစွာရှိနေပါတယ်”လို့ သူက VOM ကို ပြောပါတယ်။
ဒီလိုအဆောင်ငှားရမ်းခနှုန်းထားတွေကြီးမားလာလို့ ရန်ကုန်မြို့မှာဆိုပါက လူငယ်အများစုက သူငယ် ချင်းတွေစုပြီး အိမ်ခန်းတခန်းကိုငှားရမ်းပြီး စုပေါင်းနေထိုင်တဲ့ လူနေမှုပုံစံမျိုးတွေလည်းပြောင်းလဲလာတယ်လို့ ရန်ကုန်မြို့မှာလာရောက်အလုပ်လုပ်ကိုင်သူတွေက အခုလိုဆက်ပြီး ပြောပြပါတယ်။
“အဆောင်ကျတော့ စည်းကမ်းချက်တွေတအားများတယ်။အလုပ်ကနေ နောက်ကျမှပြန်ရတဲ့အချိန်မျိုးတွေဆို သိပ်အဆင်မပြေတာတွေရှိတယ်။ကျွန်တော်တို့ အရင်က နေခဲ့တဲ့အဆောင်ဆိုရင် တလကိုအဆောင်လခ ၁ သိန်း ၃ သောင်းပေးရတယ်။နှစ်ယောက်ခန်းကိုပါ။ရေချိုး၊အိမ်သာကတော့အများသုံးပဲ၊အခုနောက်ပိုင်းကျသူငယ်ချင်း လေး၊ငါးယောက်လောက်စုလိုက်ကြတယ်။တိုက်ခန်းတခန်းငှားလိုက်တယ်။တိုက်ခန်းတခန်းလည်းတလမှ ၂ သိန်းခွဲ၊၃ သိန်းပဲဈေးရှိတာလေ၊ပိုပြီးလွတ်လွတ်လပ်လပ်လည်းနေလို့ရတယ်။တယောက်ထဲသမားကျ ငွေကြေးသိပ်အဆင်မပြေတဲ့သူတွေကျတော့လည်းအဆင် ပြေပြေ၊မပြေပြေ အဆောင်ပဲနေရတာပါ”လို့ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်တဲ့လူငယ်တယောက်က ပြောပြပါတယ်။
ရန်ကုန်မြို့မှာ ရှိတဲ့အဆောင်တွေဟာ များသော အားဖြင့် လူပျိုအဆောင်၊အပျိုအဆောင်၊အိမ်ထောင်သည်အဆောင်ဆိုပြီး သုံးမျိုးသုံးစားရှိပြီး ဆင်ခြေဖုံးရပ်ကွက်နဲ့ အချက်အချာကျတဲ့ ရပ်ကွက်အပေါ်မူတည်ပြီး ငှားရမ်းခနှုန်းထားတွေလည်းအစားစားရှိနေတယ်လို့ သိရှိရပါတယ်။
Photo – CJ
ပုံစာ – ရန်ကုန်မြို့က အငှားအဆောင်တခု။