မန္တလေး၊ သြဂုတ် – ၁၅- ၂၀၂၅
SA(VOM)
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင့်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့က SKY VILLA ကွန်ဒို အဆောက်အဦ အပျက်အစီးတွေကြားက မနေ့ သြဂုတ်လ ၁၄ ရက်နေ့က ရုပ်အလောင်း ၄ ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Sky villa ကွန်ဒိုအပျက်အစီးတွေထဲက A အဆောင် (၃) လွှာ၊ အခန်းအမှတ် E3 က အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး (၃)ဦးရဲ့ ရုပ်အလောင်းတွေကို သြဂုတ် ၁၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှာ ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
အဲ့ဒီ ကွန်ဒိုအပျက်အစီးကနေ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၂ ဦးကို အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့ပြီး ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့အထိ သေဆုံးသူရုပ်အလောင်း ၁၅၀ ကျော်ကို ထုတ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။
မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် သေဆုံးသူအရေ အတွက် ၃၇၇၃ ယောက်ရှိတယ်လို့ အစိုးရကထုတ်ပြန်ထားပေမယ့် တချို့စာရင်းထုတ်ပြန်ချက်တွေအရ အများဆုံး အရေအတွက်မှာ ၅၃၅၂ ဦး ရှိတယ်လို့ သိရပါတယ်။
ငလျင်ကြောင့် အဆောက်အဦပျက်စီးခဲ့တဲ့ သူတွေနဲ့ သေဆုံးသူတွေအတွက် အစိုးရက ထောက်ပံ့ကြေးတွေပေးဖို့အတွက် စီစဥ်ထားတယ်လို့ သိရပေမယ့် မန္တလေးမြို့ပေါ်မှာတော့ ထိရောက်တဲ့ ပံ့ပိုးမှုတွေ မရှိသေးတာကိုတွေ့ရပါတယ်။
စစ်ကိုင်းမြို့မှာ ဘာသာရေးအဆောက်အဦ ၃၉၄ လုံး၊ ဌာနပိုင်အဆောက်ဦ ၇၄၂ လုံး၊ လူနေအိမ် ၄၆၉၀၊ ပျက်စီးခဲ့ကာ ဗုဒ္ဓဘာသာ ၄၅၁ ဦး၊ အစ္စလာမ်ဘာသာဝင် ၁၃၈ ဦး၊ ဟိန္ဒူဘာသာဝင် ၁ ဦး စုစု ပေါင်း ၅၉၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတာ ခန့်မှန်း ၉၂၆ ယောက်ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။
မုံရွာမြို့မှာတော့ ဘာသာရေး အဆောက်အဦ မထိခိုက်၊ ဌာနဆိုင်ရာ အဆောက်အဦ ၂ လုံးပျက်စီး၊ သေဆုံး ၁ ဦး နဲ့ ထိခိုက်ဒဏ်ရာ မရှိ ဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။
ရွှေဘိုမြို့မှာတော့ ဘာသာရေးအဆောက်အဦး ၁၂၀၊ ဌာနဆိုင်ရာ အဆောက်အဦ ၇၁ လုံး၊ လူနေအိမ် ၁၂ လုံး ပျက်စီးခဲ့ကာ ဗုဒ္ဓဘာသာ ၁ ဦး၊ အစ္စလာမ်ဘာသာဝင် ၂ ဦး သေဆုံးပြီးထိခိုက်ဒဏ်ရာရတာ ၁၉ ဦး ရှိတယ်လို့သိရပါတယ်။
ဝက်လက်မြို့နယ်မှာတော့ ဘာသာရေးအဆောက်အဦး ၁၀ ခု၊ ဌာနဆိုင်ရာအဆောက်အဦ ၈ ခု၊ လူနေအိမ် ၁၁ လုံးတို့ ပျက်စီးခဲ့ပြီး သေဆုံးထိခိုက် မရှိဘူးလို့ ၉ – ၄ – ၂၀၂၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီရင်ခံစာအရ သိရပါတယ်။
မတ်လ ၂၈ ရက်နေ့ကစပြီး ဒီကနေ့ သြဂုတ်လ ၁၅ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှု ၂၁၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်းဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
