အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ အပူဇော်ခံပွဲ စက်တင်ဘာ ၂၂ ရက်မှာ စတင်မယ်

ဩဂုတ် ၁၈ – ၂၀၂၅
SN (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပေမယ့် ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကိုတော့ အစဉ်အလာအတိုင်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဆိုပါ ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာ ၉ ရက်နေ့အထိ ၁၈ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေရာဌာနပေါင်း ၂၆ ဌာနတို့မှာ သီတင်းသုံး၊ ကြွချီ အပူဇော်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီ အပူဇော်ခံပွဲ ကျင်းပမယ်၊ မကျင်းပဘူးဆိုတာနဲ့ ပတ်သက်လို့ ဘုရားကြွတဲ့ ၂၁ ဌာန ဆရာတော်ကြီးတွေ၊ ဩဝါဒစရိယ နာယကဆရာတော်ကြီးတွေနဲ့ ရပ်မိရပ်ဖတွေနဲ့ အစည်းအဝေး သုံးကြိမ်လုပ်တယ်။ နောက်ဆုံးတကြိမ် ဩဂုတ် ၁၆ ရက်နေ့ အစည်းအဝေးမှာတော့ ရေက အခုထက်ပိုပြီး ဆိုးဆိုးရွားရွား ဆက်မတက်ဘူးဆိုရင်တော့ ဒီပွဲကို ကျင်းပမယ်ဆိုပြီး ဆုံးဖြတ်ကြပါတယ်။ ရေက တအားကြီး တက်လာတယ်ဆိုရင်တော့လည်း တမျိုး စဉ်းစားရမှာပေါ့” လို့ ဂေါပကအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိ ဒေသစာရီ ကြွချီမယ့် အစီအစဉ်ကတော့ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖွင့်ပွဲ ကျင်းပမှာဖြစ်တယ်လို့ သိရပြီး အင်းတိန် ကျေးပေါခုံကျောင်းမှာ ညကျိန်းမှာဖြစ်ကာ စက်တင်ဘာလ ၂၈ ရက်မှာတော့ လင်းကင်းမှ ညောင်ရွှေမြို့ကို ကြွချီမှာဖြစ်ပြီး စက်တင်ဘာလ ၂၉ ၊ ၃၀ ရက်နဲ့ အောက်တိုဘာလ ၁ ရက်အထိ သုံးရက်တိုင်တိုင် အပူဇော်ခံသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ကလော၊ အောင်ပန်း၊ ပင်လောင်း၊ တောင်ကြီး၊ ညောင်‌ရွှေ စတဲ့ မြို့နယ်တွေမှာ ဇူလိုင်လ ၂၇ ရက်‌နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံခဲ့တဲ့အတွက် အဆိုပါ မြို့နယ်တွေက တောင်ကျရေတွေဟာ အင်းလေး‌‌ကန်အတွင်း စုပေါင်း ရောက်ရှိလာတာကြောင့် ရေကြီးမှု ပိုမို ဆိုးရွားလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အင်းလေးဒေသမှာ မိုးရွာသွန်းမှု နည်းပါးနေပေမယ့် ပြီးခဲ့တဲ့ရက်တွေက တောင်ကြီးမြို့ဘက်မှာ မိုးကောင်းခဲ့တဲ့အတွက် လတ်တလော ညောင်ရွှေမှာ ရေအနည်းငယ် ထပ်တိုးနေတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
“ရေက နောက်ထပ် ၁ ပေလောက် ထပ်တက်လည်း ဘုရားပွဲကို ကျင်းပဖြစ်အောင် ကျင်းပမယ်လို့တော့ ဆုံးဖြတ်ထားပါတယ်။ ဘုရားကြွမယ့် လမ်းတလျှောက်မှာ စင်တွေထိုးဖို့ စီစဉ်ထားတယ်။ စံကျောင်းတော်ကို တက်တဲ့လမ်းတွေက ရေမြုပ်သွားရင်လည်း စင်ထိုးပြီးတော့ ကြွမယ်၊ ဖြစ်အောင်လုပ်ဖို့တော့ ဆရာတော်ကြီးတွေက ဩဝါဒပေးထား၊ တိုင်ပင်ထားပါတယ်” လို့ ဂေါပကအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ဒါအပြင် အဆိုပါပွဲတော် ကျင်းပနိုင်ဖို့အတွက် ငလျင်ဒဏ်သင့်ခဲ့တဲ့ အင်းလေးကန် ဘုရား စံကျောင်းတော်ကြီးကိုလည်း လက်ရှိမှာ ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ အင်းလေးဒေသ ရေကြီးမှု အခြေအနေဟာ ဩဂုတ် ၅ ရက်နေ့နောက်ပိုင်း ၁၀ ရက်အတွင်း ၅ လက်ကနေ ၆ လက်မဝန်းကျင်အထိ ရေထပ်တိုးနေတာဖြစ်တယ်လို့ သိရပြီး နေအိမ် အတော်များများလည်း ထပ်မံ ပြောင်းရွှေ့နေရတယ်လို့ အင်းလေးကန် ထိန်းသိမ်းရေး (Save the Inle Lake) ရဲ့ တွဲဘက်အတွင်းရေးမှူးဖြစ်သူ ဦးညီညီထွန်းက ပြောပါတယ်။
လက်ရှိအချိန်အထိ ရေဘေး ကယ်ဆယ်ရေးစခန်း ဖွင့်ထားတာမျိုး မရှိသေးဘဲ အများစုကတော့ ၎င်းတို့ရဲ့အိမ်မှာသာ စင်ထိုးပြီး နေထိုင်နေကြတာ ဖြစ်သလို ဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်း နေအိမ်တွေမှာ သွားရောက် နေထိုင်နေကြတဲ့သူတွေလည်း ရှိတယ်လို့ ဦးညီညီထွန်းက ပြောပါတယ်။
“ဘုန်းကြီးကျောင်းမှာ သွားနေကြတဲ့သူတွေက မိသားစု လေး၊ ငါးစုလောက်ပဲ ရှိသေးတယ်။ အများကြီးတော့ မဟုတ်သေးဘူး။ ရေဝင်တဲ့ အိမ်တွေကတော့ တဖြည်းဖြည်းနဲ့တော့ ပိုများလာတာပေါ့။ ညောင်ရွှေဘက်မှာလည်း အနိမ့်ပိုင်းနေရာက အိမ်တွေ ရေဝင်နေကြပြီ။ မြို့ပေါ်မှာတောင်မှ ရေဝင်နေတဲ့ အနေအထားပါ” လို့ သူက ပြောပါတယ်။
Save the Inle Lake အနေနဲ့ အင်းလေးကန်အတွင်းက ရေတွေ ကောင်းမွန်စွာ စီးဆင်းနိုင်ဖို့အတွက် ချောင်းတိမ်ကောပြီး ချောင်းရေစီးဆင်းမှု နှေးကွေးသွားတဲ့ နေရာတွေကို တူးဖော်ပြီး ရေဆွဲချဖို့ စီစဉ်ထားပေမယ့် လက်ရှိ အချိန်အထိတော့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
“ဒီအစီအစဉ် ကြန့်ကြာနေတယ်ဆိုတာကလည်း လွိုင်ကော်၊ မိုးဗြဲဘက်မှာလည်း ရေစပြီး မြုပ်နေတယ်။ မိုးဗြဲရေကာတာလည်း တောက်လျှောက် ရေဖွင့်ချနေတယ်ဆိုတော့ ကျွန်တော်တို့ဘက်က ရေတွန်းချဖို့ကို ချိန်ဆနေရတယ်။ တကယ်လို့ ဒီဘက်က တွန်းချလိုက်လို့ ဟိုဘက်မှာ ရေတအားကြီး များသွားရင်လည်း ဟိုဘက်က ဒုက္ခရောက်သွားနိုင်တယ်။ အဲဒီလိုလေး နှစ်ဦးနှစ်ဖက် ကြည့်နေရတဲ့ အနေအထားလေးတော့ ရှိတယ်” လို့ သူက ပြောပါတယ်။
ဆည်မြောင်း တာဝန်ရှိသူတွေရဲ့ တိုင်းတာချက်အရ လက်ရှိမှာ မိုး‌ဗြဲရေကာတာကနေ ၁ စက္ကန့်ကို ၄၀၀၀ ကုဗပေလောက် ရေလွှတ်ချနေတာဖြစ်ပြီး အင်းထဲက ရေတွေကတော့ ၁ စက္ကန့်ကို ၅၀၀၀ ကုဗပေလောက် မိုးဗြဲဘက်ကို စီးဆင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အင်းထဲကရေတွေ ထပ်မံ တွန်းချလိုက်ပါက လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ အစရှိတဲ့ အောက်ဘက်ပိုင်း မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ပိုမို ဖြစ်ပေါ်လာနိုင်တာကြောင့် ရေတွန်းချမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ရာသီဥတု အခြေအနေကို ဩဂုတ် ၂၀ ရက်နေ့အထိ စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဦးညီညီထွန်းက ပြောပါတယ်။
ဒါအပြင် အင်းလေးဒေသ ရေကြီးမှုကြောင့် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ကာ မိုင်းသောက်တံတား ရေနစ်မြုပ်နေတယ်လို့ သိရပြီး အဆိုပါတံတား ရေအောက်ရောက်နေတာဟာ အခုဆိုရင် တလနီးပါး ကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းသောက်တံတားဟာ ညောင်ရွှေမြို့ (အရှေတောင်ထောင့်)၊ မိုင်းသောက်ကျေးရွာနဲ့ မိုင်းသောက်အင်း ကျေးရွာကြားမှာ တည်ရှိတာဖြစ်ပြီး လက်ရှိ မိုင်းသောက်အင်းနဲ့ ပေပင်အင်းတို့ဘက်မှာလည်း နေအိမ် သုံးလုံးစီ ရေနစ်မြုပ်နေကြပြီး ရေထပ်မံ တိုးလာပါက အလုံးစုံ နစ်မြုပ်သွားနိုင်တဲ့ နေအိမ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW